ကောင်စစ်ဝန်ရုံး ပိတ်ခိုင်းရခြင်းအတွက် လက်တုံ့ပြန်မည်ဟု တရုတ် ပြော

ကောင်စစ်ဝန်ရုံး ပိတ်ခိုင်းရခြင်းအတွက် လက်တုံ့ပြန်မည်ဟု တရုတ် ပြော

ဇူလိုင် ၂၄

အမေရိကန်နိုင်ငံ ဟူစတန်မြို့ တွင်ရှိသည့် တရုတ် ကောင်စစ်ဝန်ရုံးကို ယခု သီတင်းပတ်အတွင်း အမေရိကန်က ပိတ်ခိုင်းခြင်းသည် ဆက်ဆံရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေပြီး လက်တုံ့ပြန်သွားရလိမ့်မည်ဟု ပြောသည်။  

သို့သော် မည်သို့မည်ပုံ တုံ့ ပြန်မည်ကို အသေးစိတ် မပြောသေးပေ။

ကောင်စစ်ဝန်ရုံးအား ပိတ်လိုက်ခြင်းသည် ကမ္ဘာ့အကြီးဆုံး စီးပွားရေးနှစ်နိုင်ငံကြားက တင်းမာမှုများတွင် သိသာထင်ရှားသော အရှိန်မြင့်တက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် အင်္ဂါနေ့က အမေရိကန်သည် သူလျှိုလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည် စွပ်စွဲချက်ဖြင့် တရုတ် ကောင်စစ်ဝန်ရုံးကို ၇၂ နာရီအတွင်း ပိတ်ခိုင်းခဲ့သည်။

အမေရိကန်၏ စွပ်စွဲချက်များသည် မလိုမုန်းထားသော အသရေဖျက်ခြင်းပဲ ဖြစ်ပြီး အကြောင်းရင်းခံ မရှိဘဲ ယခုကဲ့သို့ လုပ်ဆောင်မှုက ဆက်ဆံရေးကို ဆိုးဆိုးဝါးဝါး ပျက်စီးသွားစေပြီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့ရသူ ဝေါင်ဝန်ပင်းက ပြောသည်။

“တရုတ်နိုင်ငံအနေနဲ့ လိုအပ်တဲ့ လက်တုံ့ပြန်မှုကို လုပ်သွားမှာ ဖြစ်တယ်။ နိုင်ငံရဲ့ တရားဥပဒေအခွင့်အရေးတွေ ထိခိုက်မှု မရှိဘဲ ဘေးကင်းအောင် လုပ်ရမယ်။”ဟု ၎င်းက ပြောပြီး မည်သို့ တုံ့ပြန်မည့် လုပ်ငန်းစဉ်ကိုမှ ပြောဆိုရန်ကိုမူ ငြင်းဆန်သည်။

“ဒါဟာ တရုတ်နဲ့ အမေရိကန် ပြည်သူတွေကြားက ချစ်ခင်ရင်းနှီးမှုတံတားကို ဖြိုချနေတာပဲ ဖြစ်တယ်။”ဟု ၎င်းက ဆိုသည်။

အနောက်တောင်ပိုင်း ချန်ဒူမြို့ရှိ အ အမေရိကန်ကောင်စစ်ဝန်ရုံးကို  တရုတ်က ပိတ်ဖြစ်ဖွယ်ရှိသည်ဟု South China Morning Post သတင်းက ဖော်ပြသည်။ သတင်းရင်းမြစ်တစ်ရပ်က ရိုက်တာသို့ ပြောရာတွင်မူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စတင်၍ ဝန်ထမ်းများကို ပြန်လည်ခေါ်ယူထားသည့် ဝူဟန်က အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ရန် တရုတ်က စဉ်းစားနေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly