၅၇ မိုင် အကွာအဝေးကို ခရီးနှင်ပြီး ယခင်အိမ်ဟောင်းကို ပြန်ရောက်လာခဲ့သည့် ခွေးကလေး

By News9
22 July 2020
၅၇ မိုင် အကွာအဝေးကို ခရီးနှင်ပြီး ယခင်အိမ်ဟောင်းကို ပြန်ရောက်လာခဲ့သည့် ခွေးကလေး

ဇူလိုင် ၂၂

အမေရိကန်နိုင်ငံ Missouri ပြည်နယ် Lawson မြို့တွင် နေထိုင်သည့် Colton Michael ဆိုသူ အမျိုးသားသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အလုပ်ကနေ အိမ်ကို ပြန်လာခဲ့စဉ် အိမ်ရှေ့ဆင်ဝင်တွင် ခွေးတစ်ကောင် ရောက်နေသည် ကို တွေ့ရှိခဲ့ရသည်။ အဆိုပါ အဝါရောင် သိုးကျောင်းခွေးလေးသည် Michael ပြန်အလာကို စောင့်နေပုံ ပေါ်နေခဲ့သည်ဟု ၎င်းက ပြောသည်။

အမှန်တကယ်တွင် ယင်းခွေးလေးသည် ၎င်း၏ ခွေးမဟုတ်ပေ။ သို့သော် ခွေးလေးကြည့်ရသည်မှာ ယခုရောက်နေသည့်အိမ်ကို ယင်း၏ အိမ်လိုမျိုး သဘောထားနေပုံ ပေါ်နေခဲ့သည်။  Cleo ဟု နောက်ပိုင်းတွင် သိရှိရသော အဆိုပါခွေးလေးသည် ၎င်း၏ သခင်များနှင့်အတူ ပြီးခဲ့သည့် နှစ်နှစ်နီးပါးအကြာက Missouri ပြည်နယ် Lawson မြို့ အဆိုပါနေအိမ်တွင် နေထိုင်ခဲ့ဖူးခြင်း ဖြစ်သည်။

Michael တို့မိသားစုသည် ပြီးခဲ့သည့် ၂၀၁၈ နိုဝင်ဘာက ယင်းအိမ်သို့ ပြောင်းရွှေ့လာခဲ့ကြခြင်း ဖြစ်ပြီး ယခင်က တခါမှ ယင်းခွေးလေးကို မတွေ့ဖူးခဲ့ပေ။

“ဒီခွေးလေးကို တွေ့တော့ ကျွန်တော်တို့ တော်တော်လေး အံ့အားသင့်ခဲ့ကြတယ်၊ ပထမတော့ အိမ်နီးနားချင်းတစ်ယောက်ရဲ့ ခွေးလို့ ထင်ခဲ့သေးတယ်၊ ဒါပေမယ့် ဒီနားပတ်ဝန်းကျင်မှာလည်း သူ့ကို တခါမှ မမြင်ခဲ့ဖူးဘူးလေ၊ သူ ဘယ်က ရောက်လာသလဲဆိုတာကို မခန့်မှန်းနိုင်ခဲ့ကြဘူး” ဟု Michael က ပြောသည်။

ခွေးလေး Cleo ၏ သခင် မိသားစုသည် ယခုအခါ Kansas တွင် နေထိုင်ကြလျက် ရှိသည်။ ယင်းအတွက် Missouri ရှိ ယခင်အိမ်ဟောင်းသို့ ပြန်ရန် ခွေးလေးအနေဖြင့် ခရီးအကွာအဝေး ၅၇ မိုင်အထိ သွားလာခဲ့ရမည်ဖြစ်သည်။ ယင်းအကွာအဝေးက ကားဖြင့် သွားလျင် တစ်နာရီကျော်ခန့် ကြာသည့် ခရီးဖြစ်ပြီး ခြေလျင်သွားလျင် ၁၅ နာရီမှ နာရီ ၂၀ အထိ ကြာနိုင်သည်ဟု Michael က ပြောသည်။

ယင်းနောက် ခွေးလေးတွင် ရှိနေသော microchip ကို Michael က စကင်ဖတ်ကြည့်ရာ ၎င်း၏ ပိုင်ရှင် မည်သူမည်ဝါ ဖြစ်သည်ဆိုသည်ကိုသာမက ပိုင်ရှင်များက ဖေ့ဘွတ်တွင် ခွေးပျောက်လိုက်ရှာနေသည်ကိုလည်း သိရှိခဲ့သည်ဟု ၎င်းက ပြောသည်။

ယင်းနောက် ချက်ချင်းပင် ခွေးပိုင်ရှင်များကို Michael က ဆက်သွယ်ခဲ့သည်။ သို့သော် လက်ရှိအချိန်အထိ ခွေးလေး ၎င်းတို့အိမ်သို့ မည်သု့ိမည်ပုံ ရောက်လာသည်နှင့် မည်သည့်အတွက်ကြောင့် ရောက်လာသည်ကို သေချာ မသိရှိသေးဟု ၎င်းက ပြောသည်။

ခွေးလေး Cleo သည်လည်း အိမ်သူအိမ်သားအသစ်များကြောင့် စိတ်ရှုပ်ထွေးပြီး ကြောင်တောင်တောင်ဖြစ်နေပုံ ရသည်ဟု သိရသည်။

“သူ့ မျက်လုံးထဲမှာ ကျွန်တော်တို့ကို မယုံကြည်သလို၊ အသိအမှတ်မပြုသလို အရိပ်အယောင်တွေ ပေါ်နေပါတယ်၊ ဒါပေမယ့် သူ့ပိုင်ရှင်တွေရဲ့ ကား ရောက်လာတာနဲ့ သူ့နားရွက်တွေက ချက်ချင်းပဲ လှုပ်ရှားသွားပါတယ်၊ နှာခေါင်းစည်းတပ်ထားတဲ့ လူငယ်တွေကို သူမြင်တော့ သူ့ပုံစံက ချက်ချင်းပြောင်းသွားတော့တာပါပဲ” ဟု Michael က ပြောသည်။

“ခုတော့ သူဟာ သူ့မိသားစုနဲ့ ပြန်တွေ့သွားပြီ ဆိုတာကို နားလည်လိုက်ပါပြီ၊ ကျွန်တော်တို့မှာလည်း ခွေးတွေ ရှိပါတယ်၊ ခွေးပျောက်ရင် ဘယ်လောက်တောင် စိတ်ထိခိုက်ရသလဲ ဆိုတာကို ကျွန်တော်တို့လည်း သိပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

ထို့ပြင် ခွေးပိုင်ရှင်တိုင်းအနေဖြင့် ၎င်းတို့၏ ခွေးများတွင် microchip ထည့်သွင်းထားသင့်သည်ဟု ထင်မြင်ကြောင်း ၎င်းက ပြောသည်။ “အဲဒါသာ မရှိရင် ကျွန်တော်တို့ ဒီခွေးလေးကို သူ့ပိုင်ရှင်တွေနဲ့ ပြန်ဆုံစည်းအောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

မည်သို့ပင်ဖြစ်စေ ခွေးလေး Cleo ၏ ခရီးစဉ်သည် နားမလည်နိုင်သည့် ပုစ္ဆာတစ်ခုအဖြစ် ဆက်ရှိနေဆဲဖြစ်သည်။ သို့သော် ခွေးလေးသည် ယခုအခါ ယင်း၏ ပိုင်ရှင်များနှင့် ပြန်ဆုံဆည်းနေပြီဖြစ်သည်။ “ကျွန်တော်တို့ဟာ တကယ်တော့ ကိုယ့်အိမ်ကိုယ့်ယာကို ချစ်ကြတယ်လေ၊ ဒါကြောင့် သူ ဒီကို ဘယ်လို ဘယ်ပုံ ပြန်လာချင်ခဲ့သလဲ ဆိုတာကို ကျွန်တော်တို့တွေးကြည့်လို့ရနိုင်ပါတယ်” ဟု Michael က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly