ကိုဗစ်နဲ့ ထောင်ကျခြင်းအနုပညာ - ၉

ဇူလိုင် ၂၀

အမှန်တရားဆိုတာ ငြိမ်သက်နေတာလည်းရှိသလို လှုပ်ရွနေတာလည်းရှိကြောင်း ဒါမှမဟုတ် တစ်ချိန် ချိန်မှာ ပြန်လည်နိုးထလာတာလည်းရှိကြောင်း အားလုံးသတိပြုမိကြ လိမ့်မယ်လို့ ထင်ပါတယ်။ ပြောချင်တာကတော့ အမှန်တရားဆိုတာ မြဲမြံစွာတည်ရှိနေပြီး အမှန်တရားကို ပြောင်းလဲပစ်လို့မရဘူး ဆိုတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ သန်လျင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထိုအချိန်က စစ်အစိုးရ (တပ်မတော်အစိုးရဟာ) မတရားစွဲချက်တွေ တင်ပြီး တိုင်းသိပြည်သိ ထောင်ချထားတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အားလုံးမှာ အမှန်တရားတွေကို ဖော်ထုတ်ကြရမှာမဟုတ်ပေဘူးလား။

ကျွန်တော်ကတော့ မတရားမှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခွင့်ရနေတဲ့ အမှန်တရား လုပ်ဆောင်သူတွေကို ချိုးနှိမ်နေတဲ့ အခြေအနေထဲမှာ၊ အထူးသဖြင့် မတရားထောင်သွင်း အကျဉ်းချ ခံနေရတဲ့ အချိန်မှာ၊ အခွင့်အရေးကို ချောင်းမြောင်းနေသူပီပီ၊ အခွင့်အရေးပေးလာလို့ ထောင်ထဲကနေ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်ရေးကော်မရှင်ဆီ စာရေးလိုက်ရတာပဲ ဖြစ်ပါတယ်။ နိုင်ငံတကာက အမှန် တရားကို သိနေပေမယ့်လည်း ကျွန်တော် ရဲ့ လက်ရေးမူနဲ့ ထောင်ထဲကနေ ရေးလိုက်တဲ့စာကတော့ တစ်စုံတစ်ရာတော့ ထိရောက်မှုရှိလို့၊ ကျွန်တော်ရဲ့ အမှုတွဲအားလုံး လွတ်မြောက်ပြီးတာတောင် ကျွန်တော့ကို လွှတ်မပေးဘဲ နောက်ဆုံး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲနဲ့ လွှတ်တော်ရောက်ပြီးပြောမှပဲ ကျွန်တော်ကို ပြန်လွှတ်ပေးတာပဲ ဖြစ်ပါတယ်။ ကျွန်တော့ကို ထောင်ထဲမှာ တစ်စုံတစ်ခုဖြစ်ပြီး သေစေချင်သလား တော့ မသိပါဘူး။

ထောင်ထဲက ရေးတဲ့စာ ကို ပြန်ဆက်ပါဦးမယ်။

နောက်ပိုင်းတွင် ထောက်လှမ်းရေးများသည် နှစ်ယောက် တစ်ဖွဲ့ ဖွဲ့ကာဖြင့် ကျွန်ုပ်အား အတင်းအဓမ္မ ဝန်ခံခိုင်းကြပါတယ်။

ကျွန်ုပ်လည်း သေချင်သေပလေ့စေတော့။ အမှန်တရားပဲ၊ လုံးဝ ဝန်မခံဘူးဆိုပြီး ကြိတ်မှိတ်ခံနေ ရပါ တယ်။ ကျွန်ုပ်သည် ၎င်းဗုံးကိစ္စတွင် လုံးဝ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း၊ အချိန်နာရီ သွားလာလှုပ်ရှား မှု အတိအကျကို အထောက်အထားခိုင်လုံစွာဖြင့်၊ သက်သေသက္ကာယများ ခိုင်လုံစွာဖြင့် မည်မျှပင် ထပ်တစ်လဲလဲ ပြောပြသော်လည်း ကျွန်ုပ်ကို စစ်ဆေးနေသော ထောက်လှမ်းရေးများသည် အတင်း အကျပ်ပင် ဗုံးခွဲသည်ဟု ကျွန်ုပ်အား ရိုက်နှက်ထိုးကြိတ်၍ ဝန်ခံခိုင်းပါသည်။

ကျွန်ုပ်အား ညှဉ်းပန်းနှိပ်စက်မှုများထဲတွင် နှစ်ရက်တိတိ အစာမကျွေးခြင်း၊ ရေမတိုက်ခြင်း၊ ဦးခေါင်းကို လုံးပတ် တစ်ကျပ်လုံးရှိ တုတ်ဖျားဖြင့် အချက်ပေါင်းများစွာ ရိုက်နှက်ခြင်း၊ မတ်တပ်ရပ် ခြေကားပြီး ဒူးကိုကွေးခိုင်း ခြေဖျားထောက်ခိုင်းကာ ခြေဖနောင့်အောက်တွင် အပ်ထောင်ထားခြင်း၊ နှစ်ရက်တိတိ မတ်တပ်ရပ်ခိုင်းထားခြင်းနှင့် လိင်တံကို တုတ်ဖြင့် ရိုက်နှက်ခြင်းတို့မှာ ကျွန်ုပ်အတွက် အရှင်လတ်လတ် ငရဲခန်းသို့ရောက်နေသလို ခံစားရပါတယ်။

၎င်းတို့ မည်မျှပင် နှိပ်စက်သည်ဖြစ်စေ ကျွန်ုပ်သည် ကျွန်ုပ်လုံးဝကျူးလွန်ခြင်းမရှိသော သန်လျင် ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲမှုကို ကျွန်ုပ်လုံးဝ မလုပ်ကြောင်း၊ အဖန်ဖန် ငြင်းဆိုနေပါတယ်။ ကျွန်ုပ်၏နေအိမ်ကို ရှာဖွေရာတွင် လည်း အစိုးရဆန့်ကျင်ရေး စာရွက်စာတမ်း တစ်စုံတစ်ရာသော် လည်းကောင်း၊ ဖောက်ခွဲရေးပစ္စည်း တစ်ပိုင်းတစ်စသော်လည်းကောင်း အလျဉ်းရှာဖွေတွေ့ရှိခြင်း မရှိကြပါ။ သို့သော်လည်း ကျွန်ုပ်အား အတင်းပင် ရိုက်နှက် ဝန်ခံခိုင်းနေပါတယ်။

ကျွန်န်ုပ်ထက် စော၍အဖမ်းခံရသူ ညီညီဦး( ၂၂ နှစ်၊ NLD လူငယ်)ကို ကျွန်ုပ်၏ရှေ့‌မှောက်သို့ ခေါ်လာပြီး ညီညီဦးအား ထောက်လှမ်းရေးများက ပြောခိုင်းစေသည်မှာ “ကိုသန်းဇော် အသားနာမခံနဲ့တော့ ကျွန်တော်တော့ ဝန်ခံလိုက်ပြီ ခင်ဗျားလည်း ယောက်ကျားပဲ၊ ဟုတ်တယ်လို့ ဝန်ခံလိုက်တော့” လို့ ပြောပါတယ်။ ကျွန်ုပ်လည်း လွန်စွာ ဒေါသဖြစ်ပြီးတော့  “ မင်းလည်းမဟုတ်ဘူး ငါလည်းမဟုတ်ဘူး။ မဟုတ်ဘဲနဲ့ ဘာကြောင့် ဝန်ခံရမှာလဲ” လို့ အော်ပြောအပြီးမှာ ကျွန်ုပ်၏ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့ အပြားပေါ် လက်သီးများ၊ တုတ်များဖြင့် ထိုးကြိတ်ရိုက်နှက်တာကိုလည်း ပြင်းပြင်းထန်ထန်ခံရပါတယ်။

ညီညီဦးဟာ ဇူလိုင် ၇ ရက် ဗုံးဖောက်ခွဲမှု မဖြစ်ခင်ကရော၊ ဗုံးပေါက်ကွဲမှု ဖြစ်ချိန်မှာရော၊ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးတုန်းကရော၊ ကျွန်ုပ်နှင့် အနီးကပ်ဆုံး အချိန်များစွာ ပါတီလုပ်ငန်းများ နိုင်ငံရေးလုပ်ငန်းများ ကို ကျွန်ုပ်၏ ဦးဆောင်မှုဖြင့် လုပ်ဆောင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

ချက်ချင်း သဘောပေါက်မိပါတယ်။ ထောက်လှမ်းရေးများက ညီညီဦးကို ရိုက်နှက် ညှဉ်းပန်း၍ အတင်း အဓမ္မဝန်ခံခိုင်းပြီး၊  ကျွန်ုပ်အား ညီညီဦးကဲ့သို့ ဝန်ခံစေရန် ပြုလုပ်ခြင်းဖြစ်ပါတယ်။ ကျွန်ုပ်သည် အခင်း ဖြစ်ပွားချိန် ဇူလိုင်၇ ရက်နေ့ မတိုင်မီ ၊ တစ်ရက် နှစ်ရက်ကပင် NLD ၏ ဇူလိုင် ၇ ရက်နေ့ အခမ်းအနား အတွက်၊ ရန်ကုန်တိုင်း NLD ရုံးတွင် အမှတ်တရ စာစောင်ထုတ်ဝေရေးကို ကျွန်ုပ်ကဦးဆောင်၍ ဆောင်ရွက်နေကြောင်း၊ ကျွန်ုပ်နှင့် အတူတူပင် ညီညီဦးလည်း ကျွန်ုပ်အနီးတွင်ရှိနေကြောင်း၊ ၎င်းတို့ကို အခမ်းအနားတက်ရောက်လာသူ ပါတီအဖွဲ့အစည်းပေါင်းစုံမှ ပုဂ္ဂိုလ်များ သိကြသည့်အပြင် ကျွန်ုပ်တို့ NLD မြို့နယ်ရုံးခန်း ပတ်ဝန်းကျင်မှ လူများလည်း သိရှိကြောင်း စသည့် တိကျခိုင်လုံသည့် အထောက် အထားများ ပြဆိုသော်လည်း ကျွန်ုပ်အား ညှဉ်းပန်းနှိပ်ဆက်၍ အတင်းအကျပ် ဝန်ခံခိုင်းနေပါတယ်။   ။

(ဆက်လက်ဖော်ပြပါမည်)

သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly