နှာခေါင်းစည်း ဝတ်ရန်နှင့် ကျောင်းများ ပြန်ဖွင့်ရေးတို့အပေါ် အမေရိကန်၌ ဆွေးနွေးငြင်းခုံ

နှာခေါင်းစည်း ဝတ်ရန်နှင့် ကျောင်းများ ပြန်ဖွင့်ရေးတို့အပေါ် အမေရိကန်၌ ဆွေးနွေးငြင်းခုံ

ဇူလိုင် ၁၈

အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း နှာခေါင်းစည်း ဝတ်ဆင်ရန် အမိန့်များနှင့် စာသင်ကျောင်းများ ပြန်ဖွင့်ရေးတို့အပေါ် သောကြာနေ့က ဆွေးနွေးငြင်းခုံကြသည်။

ပြည်နယ်နှင့် ဌာနေတာဝန်ရှိသူများက တင်းကြပ်သည့် အမိန့်များ ချမှတ်လာပြီး နိုင်ငံအတွင်း၌လည်း ဒုတိယမြောက် ဆက်တိုက်ရက်အဖြစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၇၀၀၀၀ ကျော် ရှိချိန်လည်း ဖြစ်သည်။

ကပ်ဘေးစတင်ချိန်မှစကာ မည်သည့်နိုင်ငံထက်မဆို အများဆုံး ကူးစက်မှုအဖြစ် အမေရိကန်၌ တမြန်ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၇၇၄၉၉ ဦးရှိပြီး နောက်တစ်ရက် သောကြာနေ့၌ ၇၀၆၇၄ ဦး ဗိုင်းရပ်စ်ကူးစက် ကြောင်း ရိုက်တာ၏ စစ်တမ်းအရ သိရသည်။

အဆိုပါ သောကြာနေ့၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် ၉၁၂ ဦးရှိရာ လေးရက်ဆက်တိုက်မြောက် သေဆုံးသူ ၉၀၀ ကျော် ရှိခြင်းပဲ ဖြစ်သည်။

ထိုသို့ ရှိနေစဉ် နှာခေါင်းစည်း ဝတ်ဆင်ခြင်း အမိန့်ထုတ်ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ ပေါ်ပေါက်သည်။ ယင်းသို့သော နှာခေါင်းစည်း ဝတ်ဆင်ရမည်ဆိုသော စည်းမျဉ်းစည်းကမ်းများသည် ဖွဲ့စည်းပုံပါ အခွင့်အရေးများကို ချိုးဖောက်သည်ဟု ကွန်ဆာဗေးတစ်များက လစ်ဘရယ်များထက် ပို၍ ပြောဆိုကြသည်။

“လူတိုင်းက ပြောတယ်။ နှာခေါင်းစည်း ဝတ်ခိုင်းတာဟာ သူတို့ရဲ့ လွတ်လပ်ခွင့်ကို ချိုးဖောက်တယ်ဆိုပြီး ပြောကြတယ်။ မဟုတ်ပါ၊ ဒါမျိုးမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုသော ကားစီးတဲ့အခါ ထိုင်ခုံခါးပတ်ပတ်ရတာဟာ မဖြစ်မနေ လိုက်နာရတာပဲလေ။ အသက်အန္တရာယ် ဘေးကင်းဖို့ပဲ မဟုတ်လား။”ဟု အတ္တလန္တာမြို့က သူနာပြုတစ်ဦးဖြစ်သည့် ရှာရွန်တိုင်လာက ပြောသည်။

သီတင်းပတ်အနည်းငယ်အတွင်း စာသင်ကျောင်းများ ပြန်ဖွင့်ရန်ရှိကာ နိုင်ငံအနှံ့က ဒေသတာဝန်ရှိသူများသည် စာသင်ကျောင်းများ ပြန်ဖွင့်ရေးအတွက် အစီအစဉ် အမျိုးမျိုးကို ကြေညာထားသည်။

နိုင်ငံ၏ လူဦးရေအများဆုံး ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးက ယခုတိုင်အောင် စာသင်ကျောင်းများ ပြန်ဖွင့်ခွင့် မပေးသေးဘဲ ရောဂါဘေးကို ၁၄ ရက်တာ စောင့်ကြည့်ပြီး အခြေအနေပေါ် မူတည်ကာ စာသင် ကျောင်းများ ပြန်ဖွင့်နိုင်မည်ဟု သောကြာနေ့က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly