ကိုဗစ်အလွန်စီးပွားရေးပုံစံသစ်အဖြစ် စားနပ်ရိက္ခာထုတ်လုပ်တင်ပို့သည့် နိုင်ငံအဖြစ် ထူထောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ကိုဗစ်အလွန်စီးပွားရေးပုံစံသစ်အဖြစ် စားနပ်ရိက္ခာထုတ်လုပ်တင်ပို့သည့် နိုင်ငံအဖြစ် ထူထောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Photo Creadit - MOI

ဇူလိုင် ၁၈

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကိုဗစ်ကာလအလွန်တွင် စီးပွားရေးပုံစံသစ်အဖြစ် စားနပ်ရိက္ခာထုတ်လုပ်ရောင်းချသည့်နိုင်ငံအဖြစ် ထူထောင်ရန် ဆန္ဒရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ကနေတဆင့်သိရသည်။

ဒေါက်တာသန်းမြင့်က သူ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင်’’ မြန်မာနိုင်ငံအနေဖြင့် ရိက္ခာတိုးတက်ထုတ်လုပ်နိုင်ဖို့ သယံဇာတ၊ ရာသီဥတု၊ လူ့စွမ်းအားအရင်းအမြစ်အနေအထား ကောင်းမွန်နေသည်။ နိုင်ငံတော်၏အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်အလွန်ကာလမှာ မြန်မာနိုင်ငံကို နယူးဇီလန်နိုင်ငံကဲ့သို့ ရိက္ခာထုတ်လုပ်ရောင်းချသောနိုင်ငံအဖြစ် ထူထောင်လိုကြောင်း ဆန္ဒရှိနေပါသည်။ ဒီရည်ရွယ်ချက်သည် ကျွန်ုပ်တို့နိုင်ငံအတွက် ကိုဗစ်အလွန်ကာလစီးပွားရေး ရေရှည်ဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်းကောင်းတစ်ရပ်အဖြစ် မြင်ကြောင်း’’ ရေးသားထားသည်။

မြန်မာနိုင်ငံသည် ယခင်ကတည်းက ရိက္ခာထုတ်လုပ်သည့်နိုင်ငံဖြစ်သည့်အတွက် စားနပ်ရိက္ခာထုတ်လုပ်ရောင်းချသည့်နိုင်ငံအဖြစ် ထူထောင်ရန် ကြွေးကျော်ခဲ့ကြသည်မှာ ယခင်ကတည်းက ဖြစ်သည်ဟု စီးပွားရေးပညာရှင် ခင်မောင်ညို(ဘောဂဗေဒ) ကသုံးသပ်သည်။

" အဲ့ကြွေးကြော်သံက အခုမှကြွေးကြော်တာမဟုတ်ဘူး။ ရိက္ခာအိုးကြီးဖြစ်ရမယ်။ အာရှရဲ့စပါးကျီဖြစ်ရမယ်ဆိုပြီး နှစ်ပေါင်းများစွာကတည်းက ကြွေးကြော်လာတာ။ အဲ့တော့ မဖြစ်နိုင်တဲ့ဟာ မဟုတ်ဘူး။ စိန်ခေါ်မှုတွေက ရှိနိုင်တာပေ့ါ။ စိုက်ရေးပျိုးရေးဆိုရင် ရာသီဥတုနဲ့ကိုက်တဲ့ဟာဖြစ်ရမယ်။ ဈေးကွက်ကလက်ခံနိုင်တဲ့ဟာဖြစ်ရမယ်။ ကိုယ့်ရဲ့နည်းပညာတွေက မြင့်မားလာရမယ် စသဖြင့် အများကြီးရှိတယ်။ အများကြီးကြိုးစားရမယ်" ဟု ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးထုတ်ကုန်များထုတ်လုပ်နိုင်ရန်သော်လည်းပြည်ပတင်ပို့ရောင်းချရာတွင်ဈေးကွက်မရသည့်အားနည်းချက်သည်အစိုးရအဆက်ဆက်တွင်ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သည့် ဒေါက်တာစိုးထွန်းက ဆိုသည်။

ဒေါက်တာစိုးထွန်းက‘’ဒီဘက်အစိုးရမှာလည်း ဈေးကွက်ရရှိအောင် ဆောင်ရွက်ပေးရင် အဆင်ပြေတာပေါ့။ ဒုတိယအချက်ကတော့ value added မလုပ်နိုင်ဘူးပေါ့နော်။ ကုန်ချောတင်ပို့နိုင်ဖို့အတွက် နည်းပညာနဲ့ အရင်းအနီးလိုအပ်တယ်။ အခြေခံအဆောက်အုံလိုတယ်။ လျှပ်စစ်မီးလိုဟာမျိုး လုံလောက်စွာရဖို့လိုတယ်" ဟု ဆိုသည်။

ခွာညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က စနစ်တစ်ခုကို တိုးတက်ပြောင်းလဲချင်ပါက လမ်းကြောင်းတစ်ခုကိုပဲ မွမ်းမံလို့မရကြောင်းနှင့် နောက်မှာ အတားအဆီးများရှိနေကြောင်း ဆိုသည်။

လယ်ယာကဏ္ဍတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က တိုးတက်မှုနှုန်း ၂ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

လယ်ယာကဏ္ဍကြီးတွင် ပြည်တွင်းစားသုံးမှုအတွက်သာမက ပြည်ပသို့ တင်ပို့နိုင်ရန်၊ ဈေးကွက်ဝင် အထွက်ကောင်းမျိုးစေ့ အဆင့်ဆင့် ထုတ်လုပ်ရန်၊အဆင့်မြင့်တင်ရန် ငါး၊ ပုစွန်တိုးချဲ့ မွေးမြူနိုင်ရန်တို့ကို မျှော်မှန်းထားကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required