ထိုင်း၌ ice ဆေးပြား ၁ တန်ကျော် မှောင်ခိုမှုကို ကြိုးကိုင်သည့် စုံတွဲ ဖမ်းမိ

ထိုင်း၌ ice ဆေးပြား ၁ တန်ကျော် မှောင်ခိုမှုကို ကြိုးကိုင်သည့် စုံတွဲ ဖမ်းမိ

ဇူလိုင် ၁၆

ထိုင်းရဲတပ်ဖွဲ့သည် နိုင်ငံမြောက်ပိုင်းမှ တောင်ပိုင်းသို့ ice ဆေးပြား တစ်တန်ကျော် မှောင်ခိုကူးခြင်းကို ကြိုးကိုင်စီစဉ်သည့် စုံတွဲတစ်တွဲကို ဗုဒ္ဓဟူးနေ့တွင် ဖမ်းဆီးခဲ့သည်။

အသက် ၄၈ နှစ်အရွယ် အမျိုးသားနှင့် ၎င်း၏ ဇနီး အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတို့ကို ချင်းရိုင်ပြည်နယ် မယ်ချန်ခရိုင်က ၎င်းတို့၏ နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မက်သာဖီသမင်းဆေးပြား ခေါ် ice ဆေးပြား ၁၁၉၉ တန်ကို တောင်ပိုင်းမှနေ၍ တတိယတစ်နိုင်ငံသို့ ကုန်ကူးရာ၌ ၎င်းတို့ စုံတွဲသည် စီစဉ်ညွှန်ကြားခဲ့သည်ဟု ရဲက ပြောသည်။

နာမည် မထုတ်ပြန်သည့် ၎င်းတို့ စုံတွဲကို ဘန်ကောက်ရှိ လတ်ဖရာအိုအရပ်က ကွန်ဒိုမီနီယံတွင် စုံစမ်းထောက်လှမ်းသူများက တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ရပ်က ဆိုသည်။

တောင်ပိုင်း စူရတ်ဌာနီတွင် ပြီးခဲ့သည့် စနေနေ့က ၎င်းတို့ စုံတွဲ မူးယစ်ဆေးဝါး သယ်ပို့ရေး စီစဉ်နေခြင်းကို ထောက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဆေးများအား အမှတ် ၄၁ အမြန်လမ်းမကြီးတွင် တောင်ပိုင်းသို့ ခြောက်ဘီးကားဖြင့် သယ်ပို့ရာ၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ မူးယစ်ဆေးဝါးများကို နွားချေးအိတ်များနှင့်အတူ အိတ်ပေါင်း ၃၀ အတွင်း ထည့်သွင်းထားခြင်း ဖြစ်သည်။

ယင်း အမှုနှင့် ဆက်စပ်ပြီး အမျိုးသား သုံးဦးအား ဖမ်းဆီးထားသည်။ ထို ice ဆေးပြားများကို လာအိုမှ သယ်လာပြီး မလေးရှားမှ ဝယ်လက်ဆီသို့ ပို့ဆောင်ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

ဖမ်းဆီးရမိသည့် အမျိုးသမီးသည် တစ်ကြိမ်လျှင် မူးယစ်ဆေး ၁၇၀ မှ ၁၀၀၀ ကီလိုဂရမ်အကြား မှောင်ခိုသယ်ပို့ပေးခြင်းကို တော်တော်များများ စီစဉ်ဆောင်ရွက်ခဲ့ပြီး ထိုသို့ သယ်ပို့ရာတွင် ပို့ဆောင်ပေးသော အဖွဲ့ကို တစ်ကြိမ်လျှင် ဘတ်ငွေ ငါးသိန်းနီးပါး ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly