တရုတ်ဓနရှင်များက ထိုင်းအမည်များသုံးကာ တရားမဝင်ကုမ္ပဏီများဖွင့်

တရုတ်ဓနရှင်များက ထိုင်းအမည်များသုံးကာ တရားမဝင်ကုမ္ပဏီများဖွင့်

ဇူလိုင် ၁၆

ထိုင်းအမည်များကို တရားမဝင်အသုံးပြုပြီး ကုမ္ပဏီငယ်ပေါင်း ၄၀ ကို တည်ထောင်ထားသည်ဟု သံသယရှိသော တရုတ်ကုမ္ပဏီကြီးလေးခုကို ထိုင်းအထူးစုံစမ်းရေးဦးစီးဌာန (DSI) က  စုံစမ်းစစ်ဆေးလျက်ရှိသည်။

နိုင်ငံခြားသားများလုပ်ပိုင်ခွင့်မရှိသည့် လုပ်ငန်းများကို ဆောင်ရွက်နေသော တရုတ်ကုမ္ပဏီကြီးလေးခုကို ခြေရာခံမိခဲ့သည်ဟု ထိုင်းရဲများက ပြောသည်။

ကုမ္ပဏီကြီးလေးခုကို မှတ်ပုံတင်ရန် ထိုင်းနိုင်ငံသားများကို ငှားရမ်းသည့် တရုတ်လူမျိုးငွေကြေးထောက်ပံ့သူ ကိုးဦးကို ဥပဒေတာဝန်ရှိသူများက ကနဦးတွင် တွေ့ရှိထားသည်ဟု ဗုဒ္ဓဟူးနေ့ကပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ဒု-ရဲမှူးကြီး Korrawat Panprapakorn က ပြောသည်။

အဆိုပါကုမ္ပဏီကြီးလေးခုသည် ဆန်စပါးကုန်သွယ်မှု၊ အိမ်ခြံမြေ၊ ဆောက်လုပ်ရေးနှင့် နေရာထိုင်ခင်းဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်နေကြပြီး ထိုလုပ်ငန်းများအားလုံးသည် နိုင်ငံခြားသားများဆောင်ရွက်ခွင့်တားမြစ် ထားသည့် လုပ်ငန်းများဖြစ်သည်။

အာဏာပိုင်များဖမ်းဆီးရမိခဲ့သည့် ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုတန်ဖိုးသည် ခန့်မှန်း ဘတ်ငွေတန်ဖိုး ၃.၆ ဘီလီယံ ရှိသည်ဟု DSI က ပြောသည်။

လက်ဗွေမှတ်တမ်းများနှင့် နိုင်ငံသားဖြစ်မှုအတွက် ခရိုင်ရုံးသို့ တင်ပြထားသော အထောက်အထားစာရွက်များ အတုပြုလုပ်ခဲ့သည့် Apao Sae-shen အမည်ရ သံသယံရှိသူတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

Apao သည် နိုင်ငံသားဖြစ်ခွင့်ရပြီးနောက် တရုတ်ကုမ္ပဏီကြီးလေးခုကို မှတ်ပုံတင်ရန် ၎င်းအမည်ကို အသုံးပြုခဲ့သည်ဟု ဆိုသည်။ တရားမဝင် စာရွက်စာတမ်းများသုံးကာ နိုင်ငံသားရအောင်လုပ်ခဲ့သောကြောင့် အချက်အလက်များမခိုင်လုံဘဲ Apao မှတ်ပုံတင်ခဲ့သောကုမ္ပဏီများသည် ယခုအခါ နိုင်ငံခြားသားပိုင်များဖြစ်နေသည်ဟု DSI က ပြောသည်။

ကုမ္ပဏီကြီးလေးခုတွင် ငွေကြေးအင်အားတောင့်တင်းသည့် နောက်ကွယ်က ကြိုးကိုင်သူများရှိနေနိုသည်ဟု DSI က သံသယရှိနေသည်။ ကုမ္ပဏီလေးခုအနက် သုံးခုမှာ လိပ်စာများမသိရဘဲ ကုမ္ပဏီလေးခုစလုံး၏ ရှယ်ယာများကိုလည်း  Apao အမည်များဖြင့် ဖော်ပြထားသည်။

ကုမ္ပဏီကြီးလေးခုသည် ကုမ္ပဏီငယ်ပေါင်း ၄၀ ခန့်နှင့် ဆက်စပ်နိုင်ပြီး အဆိုပါကုမ္ပဏီငယ်များသည် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုဘတ်ငွေတန်ဖိုး ၅.၃ ဘီလီယံခန့်ရှိနိုင်သည်ဟု DSI က ဆိုသည်။

ကုမ္ပဏီငယ် ၄၀ နှင့်ဆက်စပ်သော လူပေါင်း ၂၄၆ ဦးကိုလည်း DSI က စုံစမ်းမှုများပြုလုပ်နေသည်။ စာရွက်စာတမ်းများ အတုပြုလုပ်ခြင်းသည် လုံခြုံရေးကိစ္စရပ်များ ပါဝင်နေသောကြောင့် အမှုကို စုံစမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဒုရဲမှူးကြီး Korrawat က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly