တောင်တရုတ်ပင်လယ်အရေး၌ တရုတ်ကို ရန်စလိုက်သည့် အမေရိကန်

By Asia Times
16 July 2020
တောင်တရုတ်ပင်လယ်အရေး၌ တရုတ်ကို ရန်စလိုက်သည့် အမေရိကန်

ဇူလိုင် ၁၆

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် တောင်တရုတ်ပင်လယ်အတွင်း တရုတ်တို့၏ တောင်းဆိုမှုများနှင့် လှုပ်ရှားမှုများအားလုံးနီးပါးကို ထိရောက်စွာ ငြင်းပယ်လိုက်ခြင်းသည် အငြင်းပွားလျက်ရှိသည့် ပင်လယ်ရေ  ကြောင်းဧရိယာအတွင်း တင်းမာမှုများကို မြင့်တက်ရန် ခြိမ်းခြောက်သည့် ဥပဒေအခြေခံလုပ်ဆောင်ချက်တစ်ခုဖြစ်သည်။

ပင်တဂွန်သည် ပင်လယ်ရေကြောင်းဧရိယာအရေး၌ တရုတ်တို့၏ဖိအားပေးလာမှုကို ဟန့်တားနိုင်ရန် တပ်အင်အားဖြန့်ကြက်မှုများလုပ်ဆောင်နေစဉ်မှာပင် တောင်တရုတ်ပင်လယ်၌ ခြောက်နှစ်အတွင်း ပထမဦးဆုံးအကြိမ် လေယာဉ်တင်သင်္ဘောနှစ်စီး စစ်ရေးလေ့ကျင့်မှုကိုလုပ်ဆောင်ပြီးနောက် ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တောင်တရုတ်ပင်လယ်အား တရုတ်က ၎င်းတို့ပင်လယ်ရေကြောင်းအင်ပါယာအဖြစ် ပြုမူနေခြင်းကို ကမ္ဘာကြီးက ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် အမေရိကန်သည် နိုင်ငံတကာဥပဒေပါလုပ်ပိုင်ခွင့်များ၊ တာဝန်ဝတ္တရားများနှင့်အညီ ကမ်းလွန်သယံဇာတများအတွက် အရှေ့တောင်အာရှမဟာမိတ်နိုင်ငံများနှင့်မိတ်ဖက်များ၏  အချုပ်အခြာအာဏာ အခွင့်အရေးများကာကွယ်ပေးရာတွင် အဆိုပါနိုင်ငံများနှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောသည်။

ကနဦးကုန်သွယ်ရေးစစ်ပွဲထက်ကျော်လွန်၍ တိုးချဲ့လုပ်ဆောင်ခဲ့ပြီး ယခုအခါ စစ်အေးတိုက်ပွဲအသွင်သို့ ချင်းနင်းဝင်ရောက်သည်ဟု လေ့လာသူအချို့က ရှုမြင်နေကြသော တရုတ်နိုင်ငံအပေါ်    အမေရိကန်က ဖိအားပေးမှုအရှိန်မြင့်တက်လာချိန်တွင် ပွန်ပီယို၏ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့သည်။ တရုတ်၏ပင်လယ်ရေကြောင်းလှုပ်ရှားမှုကို ဆန့်ကျင်သော အမေရိကန်၏ မကြုံစဖူး ထုတ်ပြန်ချက်သည် တောင်တရုတ်ပင်လယ်တိုက်ပွဲတွင် လှုံ့ဆော်ရန်စမှုကဏ္ဍသစ် အမှတ်သညာပင်ဖြစ်သည်။

အံ့အားသင့်ဖွယ်ကြေညာချက်သည် အင်အားကြီးနှစ်နိုင်ငံ၏ ပင်လယ်ရေကြောင်းဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှု ကဏ္ဍသစ်ဖြစ်ပြီး ဖိလစ်ပိုင်နှင့်အမေရိကန်အကြား အပြန်အလှန်ကာကွယ်ရေးစာချုပ် (MDT) အပါအဝင် အရှေ့တောင်အာရှနိုင်ငံများက တောင်းဆိုထားသော အငြင်းပွားဖွယ်နယ်မြေပိုင်ဆိုင်မှုများအပေါ် နောင်တွင် တရုတ်က လှုပ်ရှားမှုများပြုလုပ်လာပါက ပင်တဂွန်အနေဖြင့် ပိုမိုဝင်ရောက်စွက်ဖက်လာဖွယ်ရှိကြောင်း နိမိတ်ပြလိုက်ခြင်းဖြစ်သည်။

အမေရိကန်သည် နိုင်ငံတကာဥပဒေနှင့်အချက်အလက်များကို တမင်တကာ လိုရာဆွဲ၍ မမှန်မကန်ပြောဆိုခဲ့ကြောင်း တရုတ်က ပြန်လည်စွပ်စွဲပြောဆိုကာ တရုတ်နှင့် ကမ်းခြေနိုင်ငံများအကြား စိတ်ဝမ်းကွဲပြားစေရန်အလို့ငှာ ဒေသတွင်းအခြေအနေကို ပုံကြီးချဲ့ပြောဆိုနေသည်ဟု ပြောခဲ့သည်။

တရုတ်ပြည်မကြီး၏ ထုတ်ပြန်ချက်အရ တောင်တရုတ်ပင်လယ်အခြေအနေသည်  အေးချမ်းတည်ငြိမ်ပြီး တိုးတက်လျက်ရှိကြောင်း၊ အမေရိကန်သည် ဒေသတွင်း ပဋိပက္ခများကိုလှုံ့ဆော်က တင်းမာမှုများမြင့်တက်စေခြင်းဖြင့် အင်အားပြနေသည် ဟု ရှုတ်ချပြောဆိုခဲ့သည်။ တရုတ်အနေဖြင့် ထိုလုပ်ရပ်များအပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပွန်ပီယို၏ထုတ်ပြန်ချက်တွင် ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက် (UNCLOS) အရ The Hague မြို့အခြေစိုက် အငြင်းပွားမှုဖြေရှင်းရေးခုံသမာဓိအဖွဲ့၏ တောင်တရုတ်ပင်လယ်နယ်နိမိတ် ပိုင်ဆိုင်ခွင့် တရုတ်၌ မရှိကြောင်း ၂၀၁၆ ခုနှစ် ဆုံးဖြတ်ချက်ကိုလည်း ကိုးကားပြောဆိုခဲ့သည်။

တရုတ်က လျစ်လျူရှုခဲ့သော ထိုဆုံးဖြတ်ချက်သည် nine-dash line ခေါ် ပင်လယ်ရေပိုင်နက်တောင်းဆိုမှု၏ ဥပဒေဆိုင်ရာ အခြေခံအချက်များကို သံသယဖြစ်စေခဲ့သည်။ လွန်ခဲ့သောလေးနှစ် ဇူလိုင် ၁၂ ရက်က ဆုံးဖြတ်ခဲ့သော ခုံသမာဓိရုံး၏ ဆုံးဖြတ်ချက်သည် တရုတ်၏ပင်လယ်ရေကြောင်းဆိုင်ရာပိုင်နက်တောင်းဆိုမှုကို နိုင်ငံတကာဥပဒေအရ အခြေအမြစ်မရှိဟုဆိုကာ ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

အငြင်းပွားမှုဆိုင်ရာခုံသမာဓိရုံးဆုံးဖြတ်ချက်သည် အပြီးသတ်ဖြစ်ပြီး နှစ်နိုင်ငံစလုံးအား ဥပဒေအရ လိုက်နာဆောင်ရွက်စေသည်ဟု အမေရိကန် သံတမန်အကြီးအကဲက တရုတ်အား သတိပေးခဲ့သည်။ ဝါရှင်တန်သည် UNCLOS ကို အတည်ပြုလက်မှတ်ရေးထိုးခြင်းမရှိသေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တန်ပြန်ပြောဆိုခဲ့သည်။

ပွန်ပီယို၏ထုတ်ပြန်ချက်သည် ကုလသမဂ္ဂအတွက် ဇွန်လက  အမေရိကန်၏ အစောပိုင်းပြောဆိုချက်ကို သံယောင်လိုက်ခြင်းပင်ဖြစ်သည်။ သို့သော် ၎င်း၏ထုတ်ပြန်ချက်သည် တရုတ်သိမ်းပိုက်ထားသောမြေယာများနှင့်ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများ၏ တောင်းဆိုမှုများကို လက်တွေ့ကျကျအသိအမှတ်ပြုရာတွင် အရေးပါဆုံးဖြစ်နိုင်ဖွယ်ရှိပြီး ဝါရှင်တန်သည် ယခင်က အငြင်းပွားမှုများတွင် ဘက်လိုက်ခြင်းကို တမင်တကာရှောင်ရှားနေခဲ့ရာမှ ဆုတ်ခွါလာခဲ့ခြင်းဖြစ်သည်။

ပွန်ပီယိုသည် တရုတ်ကို သတိပေးလျက် Scarborough ရေတိမ်သောင်ခုံ၊ ဒုတိယသောမတ်စ် ရေတိမ်သောင်ခုံနှင့် Mischief သောင်ခုံကျောက်တန်း စသည့် တရုတ်တောင်းဆိုထားသော မြေပိုင်နက်များကို ယတိပြတ် ငြင်းပယ်ခဲ့ပြီး အဆိုပါပိုက်နက်အားလုံးသည် ဖိလစ်ပိုင်၏ သီးသန့်စီးပွားဇုန် သို့မဟုတ် နိုင်ငံ၏ကမ်းဦးရေတိမ်ပိုင်းဖြစ်သည်ဟု ခုံရုံးက ဆုံးဖြတ်ထားသည်။

တရုတ်နိုင်ငံက ပြန်လည်သိမ်းပိုက်ထားသည့် Mischief သောင်ခုံကျောက်တန်းနှင့် လက်ရှိ ဖိလစ်ပိုင်အဏ္ဏဝါရေတပ်စုက ကာကွယ်ထားသော ဒုတိယသောမတ်စ်ရေတိမ်သောင်ခုံတို့သည် ဖိလစ်ပိုင်၏ အချုပ်အခြာအာဏာပိုင်ခွင့်နှင့်စီရင်ပိုင်ခွင့်အောက်တွင် အပြည့်အဝရှိသောကြောင့် အမေရိကန်က ဖိလစ်ပိုင်၏တောင်းဆိုမှုဘက်က ပွင့်လင်းစွာ ရပ်တည်ပေးလျက်ရှိသည်။

 ၂၀၁၂ ခုနှစ်ကတည်းက လပေါင်းများစွာ လိပ်ခဲတည်းလည်းအခြေအနေများကြောင့် တရုတ်၏ထိန်းချုပ်မှုအောက် ကျရောက်နေသော Scarborough ရေတိမ်သောင်ခုံ အပေါ် ဖိလစ်ပိုင်၏တောင်းဆိုမှုကို အမေရိကန်က ထိရောက်စွာ ထပ်မံအတည်ပြုခဲ့သည်။

ပင်လယ်အတွင်း လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) တည်ဆောက်ရန် တရုတ်၏ ယုံကြည်သောရည်မှန်းချက်အတွက် အလွန်အရေးပါသည့် အင်္ဂါရပ်သည် ဖိလစ်ပိုင်၏ သီးသန့်စီးပွားရေးဇုန် (EEZ) သို့မဟုတ် ၎င်းနိုင်ငံ၏ကမ်းဦးရေတိမ်ပိုင်းပေါ် မူတည်နေသည်။

ဖိလစ်ပိုင်နှင့်အပြန်အလှန်ကာကွယ်ရေးသဘောတူညီချက်မဟာမိတ်လုပ်ထားသည့်အပြင် အမေရိကန်သည် ဗီယက်နမ်၊ မလေးရှားနှင့် စွမ်းအင်ပြည့်ဝသော နာတူနာကျွန်းများနှင့်ပတ်သက်ပြီး မကြာသေးမီက တရုတ်နှင့် တင်းမာမှုမြင့်တက်နေသော အင်ဒိုနီးရှားအပါအဝင် တခြားဒေသတွင်းမိတ်ဖက်နိုင်ငံများ၏ တောင်းဆိုချက်များကိုလည်း ယခုအခါ ထိရောက်စွာ ထောက်ခံပြောဆိုပေးလာသည်။

Vanguard Bank (ဗီယက်နမ်) ပတ်လည်ရှိ ရေပိုင်နက် ၊ Luconia ရေတိမ်သောင်ခုံ (မလေးရှား) ၊ ဘရူနိုင်းသီးသန့်စီးပွားဇုန် (EEZ) ရှိ ရေပိုင်နက်နှင့် Natuna Besar ကျွန်း (အင်ဒိုနီးရှား) တို့အပေါ် တရုတ်၏ ပိုင်နက်တောင်းဆိုမှုများကို ငြင်းဆိုသည်ဟု ထုတ်ပြန်ချက်တွင် အမေရိကန်ကပြောဆိုထားသည်။

မလေးရှားမှ ရေမိုင် ၅၀ ခန့်သာဝေးပြီး တရုတ်ကမ်းရိုးတမ်းမှ ရေမိုင် ၁ ၀၀၀ ခန့်ဝေးသည့် ရေအောက်လုံးဝနစ်မြုပ်နေသော James ရေတိမ်သောင်ခုံကို တရုတ်က တောင်းဆိုထားမှုအပေါ် အမေရိကန်က  မလေးရှား၏တောင်းဆိုမှုဘက်မှ အခိုင်အမာအတည်ပြုပေးခဲ့သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်နှင့်အလွန် အထူးသဖြင့် မြောက်ပိုင်း နာတူနာပင်လယ်ရှိ  အင်ဒိုနီးရှား၏ သီးသန့်စီးပွားဇုန်အတွင်း စွမ်းအင်နှင့် ငါးလုပ်ငန်းအရင်းအမြစ်များအပေါ် သမိုင်းဝင် အခွင့်အရေးတောင်းဆိုနေမှုများကို အမေရိကန်က ယခုအခါ တိုက်ရိုက်စိန်ခေါ်နေပြီဖြစ်သည်။

ရေပိုက်နက်အတွင်း တခြားနိုင်ငံများက ငါးဖမ်းခြင်း သို့မဟုတ် ဟိုက်ဒရိုကာဗွန်ထုတ်လုပ်ခြင်းကို ဟန့်တားခြင်း သို့မဟုတ် ထိုလုပ်ရပ်များကို တစ်ဖက်သတ်လုပ်ဆောင်ရန်     တရုတ်၏လှုပ်ရှားဆောင်ရွက်မှုများသည် ဥပဒေမဲ့ဖြစ်သည်ဟု ပွန်ပီယို၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။                                                      

အိမ်နီးချင်းနိုင်ငံအများစုသည် တရုတ်ကို လွတ်လပ်စွာစိန်ခေါ်ရန် တွန့်ဆုတ်နေပြီး အရှေ့တောင်အာရှအသင်း (အာဆီယံ) မှတစ်ဆင့် ၎င်းအားတားဆီးရန်လည်း အောင်မြင်မှုအနည်းငယ်သာရှိသည့် အတွက် အဆိုပါနိုင်ငံများ အတွက် ယခုထုတ်ပြန်ချက်သည် သတင်းကောင်းပင်ဖြစ်သည်။

နိုင်ဝင်ဘာလသမ္မတရွေးကောက်ပွဲမတိုင်မီ ထရမ့်၏ တရုတ်ဆန့်ကျင်ရေးအထောက်အထားများကို အထောက်အပံ့ပြုရန် ရွေးကောက်ပွဲပရိယာယ်များကင်းဝေးလျက် တရုတ်ကို ဦးတည်သော ဝါရှင်တန်၏ ရန်လိုသောမူဝါဒများတွင်အမေရိကန်၏ နောက်ဆုံးထုတ်ပြန်ချက်များသည် သဘာဝအစဉ်အဆက်ကိစ္စတစ်ခု ဖြစ်ကြောင်းကိုယ်စားပြုနေသည်။   

ပြီးခဲ့သည့်နှစ်များအတွင်း အမေရိကန်သည် ဖိလစ်ပိုင်ကဲ့သို့သော  အစဉ်အလာမဟာမိတ်များအပေါ် ကတိကဝတ်များ ထိန်းသိမ်းလျက် ဗီယက်နမ်၊ မလေးရှားနှင့် အင်ဒိုနီးရှားကဲ့သို့သော မိတ်ဖက်အသစ်များနှင့်အတူ ၎င်းတို့လုံခြုံရေးဆိုင်ရာပူးပေါင်းဆောက်ရွက်မှုကို မြှင့်တင်လုပ်ဆောင်ခဲ့သည်။

အထူးသဖြင့် တရုတ်သည်Scarborough ရေတိမ်သောင်ခုံကို ပြန်လည်သိမ်းယူခဲ့ပြီး စစ်လက်နက်များတပ်ဆင်ခြင်း သို့မဟုတ် ယခု ဖိလစ်ပိုင်ထိန်းချုပ်မှုအောက်ရှိ မြေများနှင့်ဒုတိယသောမတ်စ် ရေတိမ်သောင်ခုံမှ ဖိလစ်ပိုင်တပ်ဖွဲ့များကို အတင်းအဓမ္မဖယ်ရှားခြင်း ပြုလုပ်ပါက ပွန်ပီယို၏ထုတ်ပြန်ချက်တွင် သိသာထင်ရှားသောလုပ်ငန်းလည်ပတ်မှုဆိုင်ရာဂယက်ရိုက်မှု များစွာ ပါရှိပေမည်။         

တရုတ်တိုက်ခိုက်မှုဇာတ်ကွက်အတွင်း အငြင်းပွားဧရိယာ၌ ဖိလစ်ပိုင်၏ပိုင်ဆိုင်မှုများနှင့်တပ်များကို ကာကွယ်ရန် အမေရိကန်က လက်နက်ကိုင်စွက်ဖက်မှုအလားအလာသည် မည်သို့ပင်ဆိုစေ တိုးပွားလာခဲ့ပြီဖြစ်သည်။

ပြီးခဲ့သည့်လက ပွန်ပီယိုသည် တောင်တရုတ်ပင်လယ်အငြင်းပွားမှုများနှင့်စပ်လျဉ်းပြီး ဖိလစ်ပိုင်-အမေရိကန် မဟာမိတ် သတ်မှတ်ချက်ဘောင်များကို လူသိရှင်ကြား ကြေညာရန် ပထမဦးဆုံးသော  အမေရိကန်ထိပ်တန်းသံတမန်ဖြစ်လာခဲ့သည်။

ယခင် အမေရိကန်အစိုးရများသည် ပထဝီအနေအထားနှင့် အရေးပေါ်ကိစ္စရပ်များနှင့်ပတ်သက်၍ တတိယအဖွဲ့အစည်း အမည်အားဖြင့် တရုတ်နှင့် ပဋိပက္ခဖြစ်ရာတွင် အရှေ့တောင်အာရှမဟာမိတ်နိုင်ငံကာကွယ်ရေး အမေရိကန်ကတိကဝတ်များအနက် သဘောတူစာချုပ်ဆိုင်ရာအတိုင်းအတာအပေါ် အမြဲတမ်း သောင်မတင်ရေမကျ စကားနှစ်ခွပြောခဲ့ကြသည်။

ဘားရက်အိုဘားမားလက်ထက်ထိအောင် အမေရိကန်အစိုးရများသည် တရုတ်နှင့် ထိပ်တိုက်တွေ့မှုကို ရှောင်ရှားလိုကြပြီး Scarborough ရေတိမ်သောင်ခုံနှင့် Mischief သောင်ခုံကျောက်တန်းကဲ့သို့သော တရုတ် ထိန်းချုပ်ထားသော ပိုင်နက်များကို ဖိလစ်ပိုင်က တရားနည်းလမ်းကျကျ တောင်းဆိုမှုအပေါ် ပြတ်ပြတ်သားသား မပြောခဲ့ကြပေ။

ဆန့်ကျင်ဘက်အနေဖြင့် ပွန်ပီယိုက သဘောတူစာချုပ်သည် တောင်တရုတ်ပင်လယ်အပါအဝင် ဖိလစ်ပိုင်တပ်များ၊ သင်္ဘောများနှင့် လေယာဉ်များကို ဆန့်ကျင်သော တတိယအဖွဲ့အစည်း၏ မည်သည့် ရန်လိုသောလုပ်ရပ်ကို မဆို ခြုံငုံမိသည်ဟု ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့သည်။

“ ခင်ဗျားတို့ရဲ့နောက်မှာ ကျွန်တော်တို့ရှိပါတယ်။ တောင်တရုတ်ပင်လယ်က ပစိဖိတ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တာကြောင့် တောင်တရုတ်ပင်လယ်ထဲက ဖိလစ်ပိုင်တပ်ဖွဲ့၊ လေယာဉ်တွေ၊ ဒါမှမဟုတ် ပြည်သူပိုင်ရေယာဉ်တွေကို ဘယ်လက်နက်ကိုင်တိုက်ခိုက်မှုမဆို ကျွန်တော်တို့ရဲ့ အပြန်အလှန်ကာကွယ်ရေးသဘောတူစာချုပ် အပိုဒ် ၄ အရ အချင်းချင်းကာကွယ်ပေးမှုတာဝန်ဝတ္တရားတွေ ရှိလာပါမယ်” ဟု ပွန်ပီယိုက မနှစ်က သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောခဲ့သည်။                        

လအနည်းငယ်အကြာ၌ Reed Bank ရေပိုင်နက်၌ တရုတ်ပြည်သူ့စစ်သင်္ဘောတစ်စီးက ဖိလစ်ပိုင်ငါးဖမ်းလှေကို နစ်မြုပ်စေခဲ့သည့်အခါ ဖိလစ်ပိုင်ဆိုင်ရာအမေရိကန်သံအမတ်ကြီး Sung Kim က  အပြန်အလှန်ကာကွယ်ရေး ဆိုင်ရာ သဘောတူညီချက် (MDT)  သည် ရန်လိုသောပြိုင်ဘက်များမှ စတင်သော မီးခိုးရောင်ဇုန်တိုက်ခိုက်မှုများကိုပင် အကျုံးဝင်သည်ဟုကြေညာခြင်းဖြင့် တင်းမာမှုအရှိန် မြင့်တက်လာခဲ့သည်။

ဖိလစ်ပိုင်ဆိုင်ရာအမေရိကန်သံအမတ်ကြီး Sung Kim က  တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်စေရေး ဖိလစ်ပိုင်နှင့် မဟာမိတ်ဖွဲ့မှုအား တိုးမြှင့်သွားရန် အမေရိကန်၏ကတိကဝတ်များကို ထပ်လောင်းပြောဆိုလျက် “မည်သည့်လက်နက်ကိုင်တိုက်ခိုက်မှုမဆို ဒါက အစိုးရကခွင့်ပြုထားတဲ့ ပြည်သူ့စစ်တွေပါဝင်တယ်လို့ ကျွန်တော်ထင်မြင်မိမှာပဲ” ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly