ရန်ကုန်၊ ဇူလိုင် ၁၅
ဆရာ၊ဆရာမဦးရေလုံလောက်ခြင်းမရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲတွင်ရှိသော စာသင်ကျောင်း ထက်ဝက်ကျော် ပြန်ဖွင့်နိုင်ဦးမည်မဟုတ်ကြောင်း ပညာရေးမှူးရုံးမှသိရသည်။
ပလက်ဝမြို့နယ်တစ်ခုလုံးတွင် ယခင်က ကျောင်းသား၊ကျောင်းသူ ၃၀၀၀၀ ကျော်အတွက် စာသင်ကျောင်း ၃၉၁ ကျောင်းရှိခဲ့သော်လည်း ၂၀၂၀ ပညာသင်နှစ်တွင် ပြန်ဖွင့်ရန်လျာထားသည့်ကျောင်းမှာ ၁၅၄ ကျောင်းသာ ရှိနေခြင်းလည်းဖြစ်သည်။
“ သွားလို့လာလို့မရနိုင်တဲ့အတိုင်းအတာတွေရှိတယ်။ တိုက်ပွဲရှောင်တွေကလည်းရှိနေသေးတဲ့အတွက်ကြောင့် တစ်ခုရယ်။ နောက်ပြီးတော့ ပုံနှိပ်စာအုပ်ကလည်း မဖြန့်ဝေနိုင်တဲ့အကြောင်းတွေလဲရှိသေးတဲ့အတွက်ကြောင့် ” ဟု ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။
အချို့ကျေးရွာများရှိ စာသင်ကျောင်းများတွင်လည်း စာသင်ကြားပေးမည့် ဆရာ၊ဆရာမ မရှိခြင်းများလည်း ကြုံတွေ့နေရကြောင်း ၎င်းကဆိုသည်။
အဆိုပါပလက်ဝမြို့နယ်တွင် အထက်တန်း ၁၆ ကျောင်းနှင့် အ.ထ.က (ခွဲ) ၂၂ ကျောင်းရှိနေသော်လည်း လတ်တလောတွင် အထက်တန်းကျောင်း ၆ ကျောင်း၊ အထက်တန်းခွဲကြောင်း ၇ ကျောင်း၊ စုစုပေါင်း ၁၃ ကျောင်းကိုသာ ကျောင်းအပ်စတင်လက်ခံနေသည့် အနေအထားလည်းဖြစ်သည်။ ဇူလိုင် ၂၁ ရက်နေ့မှာ Grade 10 နဲ့ Grade 11 အတွက် ကျောင်းများ စဖွင့်တော့မှဖြစ်သည်။
“ အခုလောလောဆယ်ကတော့ စရင်းနည်းတယ်ဗျ။ မြို့ပေါ်က အ.ထ.က ကျောင်းတစ်ကျောင်းနဲ့ အ.ထ.က ခွဲတစ်ကျောင်းကတော့ နည်းနည်းကိုကျောင်းအပ်တာနည်းနည်းများရင်များမယ်။ ကျန်တဲ့ ထက်ခွဲကျောင်းတွေ၊ နယ်ကျောင်းတွေကတော့ နည်းတယ်ခင်ဗျ” ဟု ဆလိုင်းအောင်မင်းကဆိုသည်။
ထိုသို့ ဆရာ၊ဆရာမများ လုံလောက်မှုမရှိခြင်းကြောင့် လိုအပ်မည့် ဦးရေအချက်အလက်များကို ပြည်နယ်ပညာ ရေးမှူးရုံးကိုတင်ပြထားပြီး ၎င်းဆရာ၊ ဆရာမ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်တောင်းဆိုမှုများပြုလုပ် ထားကြောင်းလည်း ၎င်းကပြောသည်။
ပလက်ဝမြို့နယ်သည် ပြီးခဲ့သည့်ပညာသင်နှစ်ကလည်း ရက္ခိုင့်တပ် (AA) နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား ခဲ့သည့်အတွက် ဆရာ၊ဆရာမ မလုံလောက်သည့် ပြဿနာနှင့်ရင်ဆိုင်ခဲ့ရပြီး စာသင်ကျောင်း ၁၀၀ ကျော်ကိုလည်း ပိတ်ထားခဲ့ရဖူးသည်။
နယ်မြေမတည်ငြိမ်မှုများကြောင့် ကျောင်းသား၊ကျောင်းသူများသာမက ဆရာ၊ဆရာမများပါ အခြားမြို့နယ်များသို့ပြောင်းရွေ့မှုများရှိခဲ့သောကြောင့် ယခုစာသင်နှစ်သည် ကျောင်းလာအပ်သူ ဦးရေနည်းဖွယ်လည်းရှိနေသည်။