ရွှေကူမြို့နယ်နှင့်ကသာမြို့နယ်တို့တွင် ဧရာဝတီမြစ်ရေမြင့်တက်နေ / ရွှေကူမြို့နယ်တွင် စိုးရိမ်ရေမှတ်ကိုရောက်ရှိ

ရွှေကူမြို့နယ်နှင့်ကသာမြို့နယ်တို့တွင် ဧရာဝတီမြစ်ရေမြင့်တက်နေ / ရွှေကူမြို့နယ်တွင် စိုးရိမ်ရေမှတ်ကိုရောက်ရှိ
Photo - San Lwin Min (Fb)

ဇူလိုင် ၁၄

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့  စစ်ကိုင်းတိုင်းဒေသကြီး ၊ကသာမြို့တို့မှာ ဧရာဝတီမြစ်ရေ မြင့်တက်နေပြီး ဇူလိုင် ၁၄ရက် နေ့လည် ၂နာရီခွဲချိန်တိုင်းထွာချက်အရ ရွှေကူမြို့နယ်ဟာ စိုးရိမ်ရေမှတ်ကို ရောက်ရှိသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး ကပြောပါတယ်။

"၂နာရီခွဲအချိန်တိုင်းထွာချက်အရ ရွှေကူမြို့ကတော့ စိုးရိမ်ရေမှတ်ကို ရောက်သွားပြီ။ သူကမနက်ဖြန်အထိ ခန့်မှန်းချက်အရဆိုရင်တော့ နောက်ထပ် ၇စင်တီမီတာ ၈စင်တီမီတာလောက်တော့ အနည်းငယ်ထပ်တက် နိုင်သေးတယ်။ ပြီးခဲ့တဲ့၂ရက်က ကသာကတော့ စိုးရိမ်ရေမှတ်ကိုခန့်မှန်းထားတာကတော့ ၃ရက်အတွင်းမှာ စိုးရိမ်ရေမှတ်ရောက်နိုင်တယ်လို့ ထုတ်ထားတာပေါ့။ လက်ရှိအနေအထားအရကတော့ မနက်ဖြန်တော့ စိုးရိမ်ရေမှတ်မရောက်နိုင်သေးဘူး။ သဘက်ခါလောက်မှ စိုးရိမ်ရေမှတ်ကို ရောက်နိုင်မယ့်အနေအထားမှာ ရှိတယ်ဆိုတော့ နောက်၂ရက်အတွင်းမှာတော့ စိုးရိမ်ရေမှတ်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်"ဟု ၎င်းက ပြောသည်။

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် လက်ရှိမှာတော့ ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၃ စု နဲ့ စိုက်ပျိုးမြေဧက ၆၁၄၃ ဧက ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့လည်း သိရပါတယ်။

ကသာမြို့နယ်ရဲ့ စိုးရိမ်ရေမှတ်ဟာ  ၁၀၄၀ စင်တီမီတာဖြစ်ပြီး ဇူလိုင် ၁၄ရက် နေ့လည် ၁၂နာရီခွဲအချိန် တိုင်းထွာချက်များအရ မြစ်ရေသည် ၁၀၀၆ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။

ကသာမြို့နယ်ရဲ့ ယခင်နှစ်က မြစ်ရေချိန်ဟာ စိုးရိမ်ရေမှတ် ၁၀၄၀ကိုကျော်ခဲ့ပါတယ်။ လက်ရှိမှာတော့ စိုးရိမ်ရေမှတ်ကို မကျော်သေးပေမယ့်လည်း ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်နေတယ်လို့ သိရသည်။

အခုလို မြစ်ရေဟာ စိုးရိမ်ရေမှတ်ကိုရောက်ရှိနီးပါးဖြစ်တဲ့အတွက် ကျေးရွာတွေအနေနဲ့ ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ သယ်ယူပြောင်းရွှေ့တာတွေလုပ်ဆောင်နေပြီလို့ ကသာမြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စား လှယ် ဦးညီညီထွန်းက ပြောပါတယ်။

"စိုးရိမ်ရေမှတ်တော့မရောက်သေးဘူး။ ဒါပေမယ့် စိုးရိမ်ရေမှတ်တော့ နီးပြီပေါ့။ မြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေကတော့ ကြိုတင်ပြင်ဆင်ပြီးတော့မှ သယ်ယူပြောင်းရွှေ့တာတွေကို ဆောင်ရွက်နေပြီပေါ့နော်။ ကျောက်ထုံးကြီး ကျေးရွာအုပ်စုဆိုရင် အိမ်ခြေ သုံး လေးဆယ်လောက် ဒီနေ့ နေရာပြောင်းရွှေ့ချထားတာပေါ့။ သူတို့ရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းတို့ ဘောလုံးကွင်းတို့ ဇရပ်တို့မှာ ယာယီချထားရတာပေါ့နော်" ဟု ကသာမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ဆိုသည်။

ဧရာဝတီမြစ်ဘက်မှာ သပိတ်ကျင်း၊ မြင်းမူ၊ ချောက်၊ မြောင် စတဲံမြို့နယ်တို့မှာ စိုးရိမ်ရေမှတ်ရောက်ဖို့ ၆ပေမှ ၁၅ပေခန့် လိုသေးပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်းမှာတော့ မိုးကောင်းတဲ့အနေအထားရှိတာကြောင့် မချမ်းဘောမြို့နယ်မှာဆိုရင် ဇူလိုင် ၁၄ရက် ၊ နေ့လည်ပိုင်း တိုင်းထွာချက်အရ မြစ်ရေ ၁၂၈ စင်တီမီတာခန့်တက်လာပြီး အဲဒီရေဟာ မြစ်ကြီနားကို ရောက်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဆိုသည်။

"လက်ရှိမိုးဆက်မလိုက်တော့ဘူးဆိုရင်တော့ အောက်ပိုင်းမှာတော့ စိုးရိမ်ရေမှတ် မရောက်နိုင်ပါဘူး။ ရေတော့ တက်လာမယ်။ စိုးရိမ်ရေမှတ်တော့ မရောက်နိုင်ဘူး" ဟု ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

ဒေသခံတွေအနေဖြင့် သဘာဝဘေးကာကွယ်ရေးအဖွဲ့တွေရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင် ရွက်သင့်ပြီး ရေတက်လာတာနဲ့အမျှ သောက်သုံးရေရှားပါးလာနိုင်တဲ့အတွက် မြစ်ရေကိုသောက်သုံးမယ်ဆိုပါက ကြိုချက်ပြီးမှ သောက်သုံးကြဖို့ သတိပြုသင့်ကြောင်းကိုလည်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဆိုသည်။

ဇူလိုင် ၁၂ရက်နေ့က ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ် ၁၀၄၂အထိ မြင့်တက်ခဲ့တဲ့အတွက် ဒေသခံ အိမ်ထောင်စု ၁၃၆ စုနှင့် လူဦးရေ ၅၇၉ ဦးကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပေမယ့် ညနေပိုင်းမှာ ရေပြန်လည်ကျသွားတဲ့အတွက် လက်ရှိမှာတော့ အဲဒီရေဘေးရှောင်ပြည်သူတွေကို နေရပ်ကိုပြန်နေပြီလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly