အမေရိကန်ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးကြော်ငြာများ ပိတ်ပင်ရန် ဖေ့ဘုတ် စဉ်းစား

အမေရိကန်ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးကြော်ငြာများ ပိတ်ပင်ရန် ဖေ့ဘုတ် စဉ်းစား

ဇူလိုင် ၁၁

အမေရိကန်နိုင်ငံ၌ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲများ မကျင်းပမီ ရက်များအလိုတွင် နိုင်ငံရေးကြော်ငြာများကို ဖေ့ဘုတ်က ၎င်း၏ လူမှုမီဒီယာတွင် တားမြစ်သွားရန် စဉ်းစားလျက် ရှိသည်ဟု ယင်းကုမ္ပဏီနှင့် နီးစပ်သူများကို ကိုးကားပြီး Bloomberg News သတင်းဌာနက သောကြာနေ့၌ သတင်းဖော်ပြသည်။

ဖြစ်လာနိုင်သော ယခု ပိတ်ပင်မှုကို ဆွေးနွေးဆဲဖြစ်ပြီး အပြီးသတ်ခြင်း မရှိသေးကြောင်း ယင်းသတင်းက ထပ်လောင်းဆိုသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ ကုမ္ပဏီအနေဖြင့် ထင်မြင်ချက် မပေးနိုင်ကြောင်း ဖေ့ဘုတ်ပြောခွင့်ရသူတစ်ဦးက ပြောသည်။

ဖေ့ဘုတ်သည် နိုင်ငံရေးသမားများ၏ ကြော်ငြာများကို ချွင်းချက်ထား လွတ်ကင်းခွင့်ပေးထားသည့် ၎င်း၏ မူဝါဒကြောင့် ဝေဖန်မှုများ ရင်ဆိုင်နေရခြင်းပဲ ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ပြိုင်ဖက်ငယ် တွစ်တာက နိုင်ငံရေးကြော်ငြာများကို တားမြစ်ခဲ့သော်လည်း ဖေ့ဘုတ်က နိုင်ငံရေး ဟောပြောမှုများကို ပိတ်ပင်ခြင်း မလုပ်လိုသည် ၎င်း၏ မူကို ဆက်လက်ဆွဲကိုင်ခဲ့သည်။

ရီပတ်ဘရီကန် သမ္မတ ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးမှုနှင့် ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒင်၏ မဲဆွယ်စည်းရုံးမှုများသို့ ထင်မြင်ချက်ပေးရန် တောင်းခံခဲ့သော်လည်း ချက်ချင်း တုံ့ပြန်သေးခြင်း မရှိပေ။

ပြီးခဲ့သည့်လက ဘိုင်ဒင်၏ မဲဆွယ်စည်းရုံးအဖွဲ့က ဖေ့ဘုတ် အမှုဆောင်အရာရှိချုပ် မက်ဇူကာဘတ်တို့ အိမ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး ရွေးကောက်ပွဲ မတိုင်မီ သီတင်းနှစ်ပတ်အလို၌ နိုင်ငံရေးသမားများ၏ ကြော်ငြာများကို အချက်အလက်စစ်ဆေးရန် တောင်းဆိုခဲ့သည်။

သမ္မတ ထရမ့်၏ မီးလောင်ရာ လေပင့်သော ပို့စ်များကို အရေးမယူရန် ဆုံးဖြတ်ခဲ့ခြင်းအတွက် ဖေ့ဘုတ်သည် အလုပ်သမားဝန်ထမ်းများနှင့် လွှတ်တော်အမတ်များ၏ စိတ်ဆိုးဒေါသထွက်ခြင်းများလည်း ကြုံတွေ့ခဲ့ရသည်။

အမုန်းစကားများနှင့် သတင်းမှားများကို ကာကွယ်တားဆီးရေး၌ ကမ္ဘာ့အကြီးဆုံး လူမှုမီဒီယာ ဖေ့ဘုတ်အား ပိုမိုဖိအားပေးရန် လုပ်ငန်းကြော်ငြာရှင် ၉၀၀ ကျော်ထက်မနည်းက ဖေ့ဘုတ်အား သပိတ်မှောက်ရာတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly