ဇူလိုင် ၁၁
အိန္ဒိယ၏ အချမ်းသာဆုံးပုဂ္ဂိုလ် မူကက်ရှ်အမ်ဘာနီသည် ၂၀၂၀ ၌ အနိမ့်အမြင့် အတက်အကျများ ကြုံခဲ့သည်။ ၎င်း၏ ဒီဂျစ်တယ်စီးပွားရေးအတွက် ရှယ်ယာဈေး အတက်အကျများသည် ၎င်း၏ ချမ်းသာမှုတွင် တောင်ပံရှင် တပ်ထားသကဲ့သို့ နိမ့်ဆင်းသွားရာမှ ထိုးတက်ခြင်းများ ရှိလာခဲ့သည်။
လက်ရှိတွင် ၎င်းသည် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်လိုက်နိုင်ပြီး အမေရိကန် ရင်းနှီးမြုပ်နှံမှုပြုလုပ်သူ၊ စက်မှုလုပ်ငန်းရှင်နှင့် ပရဟိတလုပ်ငန်း အလှူရှင် တယောက်ဖြစ်သည့် ဝါရင်ဘတ်ဖတ်၏ စည်းစိမ်ချမ်းသာကိုပင် လွှမ်းမိုးသွားနိုင်ခဲ့သည်။
Reliance Industries လုပ်ငန်းစုကြီး၏ ဥက္ကဌဖြစ်သူ အမ်ဘာနီ၏ လက်ရှိ ကြွယ်ဝချမ်းသာမှုသည် အမေရိကန်ဒေါ်လာ ၆၈ ဒသမ ၃ ဘီလီယံရှိရာ ဘတ်ဖတ်၏ ဒေါ်လာ ၆၇ ဒသမ ၉ ဘီလီယံ ကြွယ်ဝခြင်းထက် သာလွန်သွားကြောင်း Bloomberg Billionaires Index အညွှန်းကိန်းက ဖော်ပြသည်။
အမ်ဘာနီ၏ ကုမ္ပဏီလုပ်ငန်းစုကြီး၏ ရှယ်ယာဈေးသည် ဖေ့ဘုတ်နှင့် Silver Lake တို့အပါအဝင် ကုမ္ပဏီများမှ ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ရရှိခြင်းကြောင့် မတ်လ၏ အကျဈေးမှ နှစ်ဆကျော် ခုန်တက်သွားခဲ့သည်။
ယခု သီတင်းပတ်မှာပင် Reliance ၏ လောင်စာဆီ လက်ကားဖြန့်ဖြူးမှုလုပ်ငန်းတွင် ရှယ်ယာ ဒေါ်လာ ၁ ဘီလီယံ ထည့်ဝင်လာခဲ့သည်။
အမ်ဘာနီ၏ ချမ်းသာစည်းစိမ်များ ထိုကဲ့သို့ ခုန်တက်ခြင်းကြောင့် ၎င်းသည် ပြီးခဲ့သည့်လက ကမ္ဘာ့အချမ်းသာဆုံး ဆယ်ဦးစာရင်တွင် တစ်ဦးတည်းသော အာရှတိုင်ကွန်း ဖြစ်လာခဲ့သည်။ ဘတ်ဖတ်၏ စည်းစိမ်မှာ လူသားချင်းစာနာထောက်ထားရေး အကူအညီ ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ လှူဒါန်းပြီးနောက် ယခု သီတင်းပတ်တွင် ကျဆင်းသွားခြင်း ဖြစ်သည်။
အသက် ၈၉ ခုနှစ်အရွယ် ဘတ်ဖတ်သည် ၂၀၀၆ ခုနှစ်မှစပြီး ၎င်း ရှယ်ယာအများဆုံး ပိုင်ဆိုင်သော Berkshire Hathaway လုပ်ငန်းစုကြီး၏ ရှယ်ယာများ ဒေါ်လာ ၃၇ ဘီလီယံကျော်ကို လှူဒါန်းခဲ့ခြင်း ဖြစ်ရာ ချမ်းသာမှု စာရင်းတွင် အဆင့်ကျဆင်းခဲ့သည်။
လက်ရှိ၌ အသက် ၆၃ နှစ်အရွယ် အမ်ဘာနီသည် ရှစ်ဦးမြောက် ကမ္ဘာ့အချမ်းသာဆုံး နေရာတွင် ရပ်တည်နေပြီး ဘတ်ဖတ်မှာ ကိုးနေရာတွင် ရှိနေကြောင်း အဆိုပါ အညွှန်းကိန်းအရ သိရသည်။