ကိုဗစ် ဒုတိယလှိုင်းကို မပေါ့ဆဘဲ ကြိုတင်ကာကွယ်ကြဖို့ တပ်ချုပ်ပြော

ကိုဗစ် ဒုတိယလှိုင်းကို မပေါ့ဆဘဲ ကြိုတင်ကာကွယ်ကြဖို့ တပ်ချုပ်ပြော
ဓာတ်ပုံ - သူရ / မဇ္ဈိမ

COVID-19

ကိုဗစ် ဒုတိယလှိုင်း၊ တတိယလှိုင်းများရှိလာနိုင်တာကြောင့်မပေါ့ဆဘဲ ကြိုတင်ကာကွယ်ကြဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတိုက်တွန်းပြောဆိုလိုက်သည်။

“ မဖြစ်ဘူးဆိုပြီး ကျွန်တော်တို့ သွားပြီးလျော့လို့တော့မရဘူး။ ဒုတိယလှိုင်း၊ တတိယလှိုင်းဆိုတာ ဘယ်လိုမှပြောလို့မရဘူး။ ဒါလေးတွေကူညီပေးပါလို့ ကျွန်တော်တို့ပြောချင်ပါတယ်။ မဖြစ်ရင်တောင်မှဗျာ။ အကြောင်းအမျိုးမျိုးကြောင့် လျော့ပေါ့မှုလုပ်ပေးလိုက်ရင်တောင်မှ အတတ်နိုင်ဆုံး ဆင်ဆင်ခြင်ခြင် နေတာတော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်လို့ပြောချင်ပါတယ်။ မဖြစ်ဘူးဆိုပြီး ဘယ်သူမှအာမ မခံနိုင်ပါဘူး ” ဟု  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောသည်။

 မီဒီယာ၊ အနုပညာရှင်နယ်ပယ်နှင့် ရိုးရာလက်ဝှေ့အဖွဲ့တို့မှ လူ ၈၀၀ စာအတွက် တပ်မတော်က ဆန်၊ ဆီ၊ ဆား၊ ပဲ များလှူဒါန်းခဲ့သည့် တပ်မတော်ခန်းမတွင် ဇူလိုင် ၁၀ ရက်နေ့က မိန့်ခွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - သူရ / မဇ္ဈိမ

တစ်နာရီနီးပါးကြာမြင့်ခဲ့သော အဆိုပါမိန့်ခွန်းတွင် မီဒီယာများ၊ အနုပညာရှင်များအနေဖြင့်လည်း ပြည်သူတွေကို ကိုဗစ်နှင့်ပက်သက်သည့် ဗဟုသုများ၊ ကျန်းမာရေးဗဟုသုတများရရှိစေရန် ဝိုင်းဝန်းကူညီပေးကြဖို့လည်းသူကထည့်သွင်းပြောဆိုခဲ့သည်။

“ ဒါကြီးဆက်ပြီး ဆိုးဆိုးဝါးဝါးဖြစ်မလာဖို့က လူတိုင်းမှာတာဝန်ရှိတယ်။ ကျွန်တော်တို့လည်းတာဝန်ရှိတယ်။ ခင်ဗျားတို့လည်းတာဝန်ရှိတယ်။ ပြည်သူပြည်သားတွေလည်း အားလုံးတာဝန်ရှိတယ် ” ဟု ၎င်းကဆိုသည်။

ထို့အပြင်တပ်မတော်သည် နိုင်ငံတော်၏ တစ်စိတ်ပိုင်းဖြစ်သည့်အတွက် ကိုဗစ်ကာလတွင် နိုင်ငံအတွက်တတ်နိုင်သည့်ဘက်မှ ကူညီပေးနေသည်ဟုလည်း ပြောဆိုခဲ့သေးသည်။

ကမ္ဘာ့ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးခြိမ်းခြောက်နေသောရောဂါတစ်ခုဖြစ်သည့် COVID-19 ကူးစက်ခံ လူနာသည် ဇူလိုင် ၁၀ ရက်နေ့ အထိဆိုပါက ၁၂ သန်းကျော်သွားပြီဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် COVID-19 ကူးစက်ခံရသူ ၃၀၀ ကျော်နှင့် သေဆုံးသူ ၆ ယောက်အထိရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required