ပျောက်နေသည့် ဆိုးလ်မြို့တော်ဝန်ကို သေဆုံးလျက် ပြန်လည်တွေ့ရှိ

ပျောက်နေသည့် ဆိုးလ်မြို့တော်ဝန်ကို သေဆုံးလျက် ပြန်လည်တွေ့ရှိ

ဇူလိုင် ၁၀

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၏ မြို့တော်ဝန် ပတ်ဝန်ဆွန်းကို ဇူလိုင် ၁၀ ရက်တွင် သေဆုံးလျက်သား တွေ့ရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဆိုးလ်မြို့တော်ဝန် သေဆုံးမှုသည် နိုင်ငံတွင် ထင်ပေါ်လူသိများသော ပုဂ္ဂိုလ်တစ်ဦး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်မည့်ပုံလည်း ပေါ်နေသည်။

အသက် ၆၄ နှစ်ရှိ မြို့တော်ဝန် ပတ်သည် ဇူလိုင်လ ၉ ရက်တွင် ပျောက်ဆုံးနေခဲ့ပြီးနောက် ၎င်း၏ အလောင်းကို Bukak တောင်တွင် ပြန်တွေ့ခဲ့ခြင်း ဖြစ်သည်။

၎င်း သေဆုံးရခြင်း၏ အကြောင်းအရင်း အတိအကျကို သိရရန် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

မြို့တော်ဝန် ပတ်သည် ဇူလိုင် ၉ ရက်က သေတမ်းစာ သဘောမျိုး စာတိုတစ်စောင် ချန်ထားခဲ့ပြီး နေအိမ်ကနေ ထွက်ခွာသွားခဲ့ပြီး ပျောက်ဆုံးနေကြောင်းနှင့် ဖုန်းလည်း ပိတ်ထားသည်ဆိုပြီး ၎င်း၏ သမီးဖြစ်သူက ယင်းနေ့ ညနေ ၅ နာရီ ၁၀ မိနစ်တွင် ရဲဌာနထံ သတင်းပို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ရဲတပ်ဖွဲ့ဝင် ၇၇၀ ကျော်ခန့်သည် ပတ်ကို လိုက်လံဖြန့်ကြက် ရှာဖွေခဲ့ကြရပြီး ၎င်း၏ နေအိမ်အနီးဝန်းကျင်နှင့် ၎င်း၏ ဆဲလ်ဖုန်း ဆစ်ဂနယ် နောက်ဆုံးအချက်ပြခဲ့ရာ ဆိုးလ်မြို့ Seongbuk-dong အရပ်တို့တွင် လိုက်လံရှာဖွေခဲ့ကြသည်။

မြို့တော်ဝန် ပတ်သည် ဇူလိုင် ၉ ရက်က ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရုံးတက်ခဲ့ခြင်း မရှိကြောင်းလည်း ဆိုးလ်မြို့ မက်ထရိုပိုလစ်တန် အစိုးရက ပြောသည်။

ပြည်တွင်း သတင်းများ၏ ဖော်ပြချက်အရ ပတ် သည် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ကျူးလွန်ခဲ့သည် ဆိုသည့် စွပ်စွဲချက်များနှင့်လည်း ရင်ဆိုင်နေရသည်ဟု သိရသည်။

ပတ်၏ အတွင်းရေးမှူးဝန်ထမ်းဟောင်း အမျိုးသမီးတစ်ဦးက သူမကို ပတ်က လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်ထားခဲ့သည် ဆိုပြီး ဇူလိုင် ၈ ရက်ကမှ ရဲထံ အမှုဖွင့်တိုင်ကြားထားခဲ့သည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ပတ် နှင့်အတူ ဆိုးလ်မြို့ အစိုးရအဖွဲ့ဝင်များကို ခေါ်ယူစစ်ဆေးရန် စီစဉ်ထားခဲ့သေးသည်ဟု သိရသည်။

၂၀၁၁ ခုနှစ်က ဆိုးလ်မြို့တော်ဝန်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသည့် ပတ်သည် ယခုအခါ ၎င်း၏ တတိယမြောက်နှင့် နောက်ဆုံးသော မြို့တော်ဝန် သက်တမ်းတစ်ခုသို့ ရောက်ရှိနေခဲ့သူဖြစ်သည်။

အာဏာရ ကိုရီးယား ဒီမိုကရက်တစ်ပါတီဝင်တစ်ဦးဖြစ်သည့် ပတ်သည် လာမည့် ၂၀၂၂ တောင်ကိုရီးယားရွေးကောက်ပွဲတွင် အလားအလာရှိ သမ္မတကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ရှုမြင်ခံထားရသူလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly