နိုင်ငံခြားသားခရီးသည် သန်း ၃၀ အထိလာရောက်ရန် ဂျပန်ပစ်မှတ်ထား

နိုင်ငံခြားသားခရီးသည် သန်း ၃၀ အထိလာရောက်ရန် ဂျပန်ပစ်မှတ်ထား

တိုကျို၊ နိုဝင်ဘာ ၇ ။               ။ ၂၀၂၀ပြည့်နှစ်တွင် ပြည်ပခရီးသည် သန်း၂၀ လာရောက်မည့် လက်ရှိပစ်မှတ်မှာ မကြာမီ ရရှိနိုင်မည်ဖြစ်ရာ ဂျပန်သို့လာရောက်သည့် နိုင်ငံခြားသား အရေအတွက်   နှစ်စဉ်ပစ်မှတ်ကို ဂျပန်အစိုးရကတိုးမြင့်လိုက်ပြီး သန်း ၃၀အထိလာရောက်စေရန် ပစ်မှတ်ထားလိုက်ကြောင်း အစိုးရအရာရှိများက ပြောသည်။

ရည်မှန်းချက်အောင်မြင်ရေး နှစ်ကုန်တွင် အရေးယူဆောင်မှုတစ်ခုပြုလုပ်ရန် အဖွဲ့သစ်တစ်ခုကို စတင်ဖွဲ့စည်းကာ ယင်းအဖွဲ့၏ ပထမဆုံးအစည်းအဝေးကို နိုဝင်ဘာ ၉တွင် ကျင်းပမည်ဖြစ်သည်ဟု ကက်ဘိနက် အတွင်းဝန်ချုပ် ယိုရှီဟီဒေဆူဂါက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

၂၀၁၄ခုနှစ်က စံချိန်တင် ခရီးသည် ၁၃ဒသမ၄၁သန်းလာရောက်ပြီးနောက် ခရီးသည်များမှန်မှန်တိုးတက်ရောက်ရှိနေခဲ့ပြီး ဂျပန်အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့(JNTO)၏ စာရင်းအရ အောက်တိုဘာ ၉ ရက်က ခရီးသည်အရေအတွက်မှာ ၁၅သန်းကျော်နေပြီဖြစ်သည်။ ယခုနှစ်အတွင်း ပြည်ပခရီးသည် ၁၉ဒသမ၅သန်းအထိ ရောက်ရှိလာမည်ဟု မျှော်လင့်ကြောင်း လွန်ခဲ့သည့်လက ဆူဂါက မိန့်ခွန်းတစ်ခုတွင် ပြောကြားခဲ့သည်။

တစ်စိတ်တစ်ပိုင်းအားဖြင့် ၂၀၁၃ခုနှစ် ဇူလိုင်လကတည်းက ဂျပန်ဗီဇာကင်းလွတ်ခွင့် စနစ်တကျဖြစ်လာမှုကြောင့် ဂျပန်သို့လာရောက်သည့် ထိုင်းခရီးသွားအရေအတွက်မှာ ၂၀၁၁မှ ၂၀၁၄အတွင်း ငါးဆနီးပါးတိုးလာခဲ့ပြီး ၂၀၁၄က ထိုင်းခရီးသည် ၆၅၇,၆၀၀ ဦး ဂျပန်သို့ လာရောက်ခဲ့သည်။ ဒေသခံဂျပန်အစိုးရများကလည်း ပရိုမိုးရှင်းပွဲများ၊ မီဒီယာများမှ တဆင့် ထိုင်းခရီးသည်များကို ဆွဲဆောင်လျက်ရှိသည်။

ဂျပန်၏ ခရီးလုပ်ငန်းကြီးကြပ်သည့် အဖွဲ့သည် ဂျပန်နိုင်ငံတစ်ဝန်း ပြည်တွင်းလေဆိပ်များအသုံးပြုမှုမြင့်တင်ရေးအတွက် တန်ဘိုးနည်းလေကြောင်းလိုင်းများပြေးဆွဲရေး အားပေးမည့်အပြင် လူဝင်မှုကြီးကြပ်ရေးဂိတ်များကို ဖြတ်သန်းရာတွင် လျင်မြန်ချောမွေ့ရေးကဲ့သို့ အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် စဉ်းစားမည်ဖြစ်သည်။

အသစ်ဖွဲ့သည့်အဖွဲ့၏ အဖွဲ့ဝင်များတွင် ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၊ သက်ဆိုင်ရာဝန်ကြီးများနှင့် ပုဂ္ဂလိကကဏ္ဍမှ လူခုနှစ်ဦးပါဝင်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly