ဇူလိုင် ၂
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် တွင်မြေစာပုံပြိုမှုကြောင့် ရေမဆေးကျောက်ရာဖွေသူရာနှစ်ချီနွံနစ်ကာ သေဆုံးသူ ၇၀ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိထားကြောင်း ကနဦးမေးမြန်းချက်များ အရသိရသည်။
ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာများတွင် ရေမဆေးသမားများ ရေမဆေးကျောက်ဝင်ရောက်တူးဖော်နေစဉ် ယခုရက်ပိုင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဇူလိုင် ၂ ရက်နေ့တွင် မြေစာပုံပြိုကျမှုဖြစ်ပွားရာ နွံလှိုင်းရိုက်ခတ်ပြီး ယခုကဲ့သို့ နွံနစ်သေဆုံးမှုများဖြစ်ပေါ်ခြင်းဖြစ်ကြောင်း သိရသည်။
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးရွှေသိန်းက “ ပြီးခဲ့တဲ့ရက် မိုးဆက်တိုက်ရွာပြီးတာ့ မြေပြိုတာဖြစ်ပါတယ်။ လူဦးရေ ၁၀၀ နဲ့ ၂၀၀ ကြားလောက်ရှာဖွေနေရတာဖြစ်တယ်လို့ တော့သိရတယ်။ ဒီနေ့ နံနက်(၁၁)နာရီအချိန်အထိရုပ်အလောင်း (၇၀)ကို ရှာဖွေတွေ့ရှိထားပါပြီ”ဟု မဇ္ဈိမသို့ ပြောသည်။
ဖားကန့်ဒေသတွင် စည်းကမ်းမဲ့ ကျောက်စိမ်းတူးဖော်နေမှုကြောင့် နှစ်စဉ်မြေပြိုမှုများဖြစ်ပွားကာ လူဦးရေ ထောင်ချီသေဆုံးခဲ့ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။