ပြည်သူ့စေတနာဝန်ထမ်းအသင်း ဥက္ကဌ ဦးသိမ်းဆန်းပါအဖွဲ့ကို ဝတ္တရားနှောင့်ယှက်မှုအပါအဝင် ပုဒ်မလေးခုဖြင့် အမှုဖွင့်

ပြည်သူ့စေတနာဝန်ထမ်းအသင်း ဥက္ကဌ ဦးသိမ်းဆန်းပါအဖွဲ့ကို ဝတ္တရားနှောင့်ယှက်မှုအပါအဝင် ပုဒ်မလေးခုဖြင့် အမှုဖွင့်
ဓာတ်ပုံ - သူရ (မဇ္ဈိမ)

ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ် (၃) ရပ်ကွက် ခြံအမှတ် (၅၂) ရှိ အဆောက်အဦးအချို့ကို ဖယ်ရှားရန် တရားရုံးက အပ်ဝရမ်းသွားအပ်ရာမှာ တံခါးဖွင့်မပေးဘဲ ပြန်လည်ခုခံသည့်အတွက် ဦးသိမ်းဆန်းနှင့်ဦးထွန်းရီဆိုသူကို တာဝန်ဝတ္တရားနှောင့်ယှက်မှုဥပဒေပုဒ်မပါအဝင် ပုဒ်မလေးခုဖြင့် ဘုရင့်နောင်ရဲစခန်းတွင် ဇွန်လ ၃၀ ရက်နေ့က အမှုဖွင့်ထားကြောင်း သိရသည်။

ရန်ကုန်- အင်းစိန် လမ်းမကြီးက ခြံအမှတ် (၅၂ ) တွင်ရှိသည့် မြေကွက် နှစ်ကွက်၊ ရုပ်ရှင်ရုံအဟောင်း အဆောက်အဦးတစ်လုံးနှင့် လေးပေသွပ်မိုး အဆောက်အဦးတစ်လုံးကို ဖယ်ရှားပေးရန် ဇွန်လ ၃၀ ရက်နေ့က အပ်ဝရမ်းသွားအပ်ရာတွင် လုံခြုံရေးယူပေးထားသောရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ် ရဲတပ်ဖွဲ့ဝင်များကို ပုလင်းကွဲ၊ တုတ်များ၊ဓားများဖြင့် ပစ်ပေါက်ခဲ့သည်ဆိုပြီး ဦးထွန်းရီနှင့် ပြည်သူ့စေတနာဝန်ထမ်းအသင်း ဥက္ကဌ ဦးသိမ်းဆန်းပါအဖွဲ့ကို ရာဇာသတ်ကြီး ဥပဒေပုဒ်မများဖြစ်သည့် တာဝန်ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ ၊ လူ့အသက်ကိုအန္တရာယ်ဖြစ်စေမှု ပုဒ်မ ၃၃၆  ၊ ညစ်ညမ်းစွာဆဲဆိုမှု ၅၀၆ ၊ အားပေးကူညီမှုပုဒ်မ ၁၁၄ တို့ဖြင့် တရားရေးဝန်ထမ်း ဒေါ်အေးမြတ်မိုးက တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - သူရ (မဇ္ဈိမ)

ပြည်သူ့စေတနာ့ဝန်ထမ်းအဖွဲ့သည် တရားဥပဒေ စိုးမိုးရေး၊ တရားရေး မဏ္ဍိုင်တည့်မတ်ရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေး စသည့်လုပ်ငန်းများကို လုပ်ဆောင်နေသည့်အဖွဲ့ဖြစ်ကြောင်း ဦးသိမ်းဆန်းက ပြောသည်။
အမှုဖွင့်ခံရသည့် အခြေအနေနှင့် ပတ်သက်ပြီး ပြည်သူ့စေတနာဝန်ထမ်းအသင်း ဥက္ကဌ ဖြစ်သူ ဦးသိမ်းဆန်းက“လေလံတင်ရောင်းချတဲ့ သူကလဲ မရောင်းချထားဘူး။ မရောင်းချထားတော့ အဲဒီအဆောက်အဦး ကိုးလုံးဟာ တရားရေး အမိန့်မကျထားဘူး။ လေလံတင်ရောင်းချခံထားရခြင်း မရှိတဲ့အတွက် ဒီလိုဝင်သိမ်းခွင့်မရှိဘူး။ အဲဒါကို ကျွန်တော်တို့က နည်းဥပဒေ ၃၅ အရ ဥပဒေနဲ့အညီ ကန့်ကွက်ခဲ့တာ။ ပြည်သူ့စေတနာ့ဝန်ထမ်းတွေ ဦးဆောင်ပြီးတော့၊ အဲဒီလိုဥပဒေနဲ့အညီ ဝိုင်းဝန်းကန့်ကွက်မည်ဖြစ်ကြောင်း ကျနော်က တိုင်းတရားလွှတ်တော်ကို စာပို့လိုက်တာ။ (၁၅. ၆. ၂၀၂၀) နေ့စွဲနဲ့ပဲ။ စာပို့လိုက်တော့ ကျွန်တော့်ကိုပါ ခေါ်ယူစစ်ဆေးတာ ရှိတယ်။ ” ဟု ပြောသည်။

ယခုအငြင်းပွားမှုဖြစ်သော ခြံဝန်းအတွင်း အဆောက်အဦးကိုးလုံးရှိပြီး အမွေခွဲဝေရယူမှုနှင့် ပတ်သက်လို့ ၂၀၀၃ ခုနှစ်လောက်က စတင်ကာ အငြင်းပွားမှုများ ဖြစ်ပေါ်နေခြင်းလည်း ဖြစ်သည်။

လက်ရှိယင်းခြံထဲမှာ အမွေခွဲဝေရာတွင် မပါဝင်ဘဲ လက်ဆင့်ကမ်းဝယ်ယူထားသူများ နေထိုင်နေကြကြောင်း သိရသည်။

ယင်းအပြင်  “တရားရုံးရဲ့ အမွေပုံစံ စီမံခန့်ခွဲမှုမှာ ပါဝင်သက်ဆိုင်ခြင်းမရှိတဲ့ တတိယအင်အားစုတွေ နစ်နာဆုံးရှုံးမှုတွေ မရှိစေဖို့ ဥပဒေနဲ့အညီ ခုခံကာကွယ်ပိုင်ခွင့်နဲ့ အခွင့်အရေးအတွက် ထည့်သွင်းစဉ်းစားပေးဖို့ လိုကြောင်း “ တစ်ဆင့်ပြန်လည်ဝယ်ယူနေထိုင်နေသူများဘက်က ခြံရှေ့မှာ ဗီနိုင်းချိတ်ဆွဲထားသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly