ပြည်သူများစိုးရိမ်မှုရှိနေသည့်အတွက် နယ်မြေရှင်းလင်းရေးကို ပြန်ရုပ်သိမ်းရခြင်းဖြစ်ဟု ရခိုင်နယ်လုံဝန်ကြီးပြော

ပြည်သူများစိုးရိမ်မှုရှိနေသည့်အတွက် နယ်မြေရှင်းလင်းရေးကို ပြန်ရုပ်သိမ်းရခြင်းဖြစ်ဟု ရခိုင်နယ်လုံဝန်ကြီးပြော
(ဓာတ်ပုံ - ညွှန့်ဝင်း/အီးပီအေ)

ဇွန် ၂၈

ရခိုင်ပြည်နယ်၊ ကျောက်တန်းကျေးရွာအနီးတဝိုက်တွင် နယ်မြေရှင်းလင်းရေးလုပ်မည်ဆိုသည့် အပေါ် ပြည်သူများနှင့် နိုင်ငံတကာကပါ နားလည်မှုလွဲမှားပြီး စိုးရိမ်နေသောကြောင့် ယင်းကြေညာချက်ကို ပြန်ရုတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ပြောသည်။

ရသေ့တောင်မြို့နယ် ၊ ကျောက်တန်းကျေးရွာအနီးတဝိုက်ရှိ ကျေးရွာများတွင်  AAတပ်ဖွဲ့ဝင်များ ဖြန့်ခွဲလှုပ်ရှားနေသည့်အတွက် တပ်မတော်ကနယ်မြေရှင်းလင်းရေးလုပ်ရန် ကျောက်တန်းကျေးရွာအနီး တဝိုက်ရှိ ဒေသခံများအနေဖြင့် ခေတ္တတိမ်းရှောင်းပေးကြရန် ရခိုင်ပြည်နယ် ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဇွန် ၂၄ရက်တွင် မြို့နယ်အုပ်ချုပ်ရေးထံ ညွန်ကြားချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သို့သော်  မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကျောက်တန်းတိုက်နယ် အုပ်စုတွင်ရှိသည့် ကျေးရွာပေါင်းများစွာကို တဆင့်ပြန်လည်ညွန်ကြားခဲ့ရာတွင် ပြည်သူများ အထိတ်တလန့် ဖြစ်စေခဲ့သောကြောင့် ယင်းကြေညာချက်ကို ပြန်ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း နှင့် အဆိုပါ ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာချက်ကို  ဇွန်လ ၂၆ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

 “နိုင်ငံတကာကလဲ ဒါကိုပုံကြီးချဲ့တာရှိတယ်။ တချို့ရခိုင်အဖွဲ့အစည်းတွေကလည်း ပုံကြီးချဲ့တယ်။ နောက်တစ်ခုက အဲဒီစာအပေါ်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဘယ်လိုလုပ်လိုက်လဲဆို၊ သူက ရွာ ၄၂ ရွာကို အကြောင်းကြားလိုက်တယ်ပြောတယ်။ လိုတာက ကျောက်တန်းနဲ့ အဲဒီတဝိုက်မှာ လေး၊ ငါးရွာ၊ ရန်သူနေရာယူထားတဲ့ဟာကိုပဲ ပြောတာ။ အခုရသေ့တောင်တခွင်လုံးသလောက် ဖြစ်သွားတာပေါ့။ အဲတောလူတွေက စိတ်ပူတာပေါ့။ နောက်ပြီးအသုံးနှုန်းလဲ မှားနေတယ် ပြန်ရုပ်လိုက်တော့။ စစ်ဆင်ရေးကတော့ သူဟာသူ တပ်ကပဲ လုပ်နေတာပေါ့။ ” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ပြောသည်။

တပ်မတော်အနေဖြင့် ကျောက်တန်းကျေးရွာအနီးတဝိုက်ရှိ ကျေးရွာ လေးရွာခန့်၏ ဧရိယာအတွင်း၌သာ နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်သည့်အတွက် ယင်းကျေးရွာ လေးရွာရှိ ဒေသခံများကိုသာ ခေတ္တတိမ်းရှောင်ပေးရန်ဖြစ်ကြောင်း ဗိုလ်မှူးကြီး မင်းသန်းက ဆက်လက်ပြောကြားသည်။

လက်ရှိတိမ်းရှောင်ရမည့် ကျေးရွာလေးရွာမှ ဒေသခံများသည် ယခင်ကတည်းက စစ်ဘေးရှောင်စခန်း များတွင် ခိုလှုံနေကြခြင်းဖြစ်ပြီး ကျန်ရှိနေသေးသည့် ဒေသခံ ၈၀ ကျော်ခန့်သည်လည်း ရသေ့တောင်မြို့ပေါ်သို့ ယမန်နေ့ကတည်းက ရောက်ရှိနေကြောင်း  ဗိုလ်မှူးကြီး မင်းသန်းက ဆိုသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေကမူ  ယခုလို ကြေညာချက်ကို လွမ်းမိုးပယ်ဖျက်ခြင်းထက် တိုက်ပွဲအားလုံး ရပ်တန့်ဖို့ လိုအပ်ကြောင်း ပြောသည်။

“လောလောဆယ်မှာတော့ မနေ့ကတိုက်ပွဲဖြစ်တဲ့အတွက် ကျေးရွာကလုံခြုံတဲ့နေရာကို ထွက်ပြေးလို့ အများကြီးရောက်နေကြပါပြီ။ အခုတော့ သူတို့လွမ်းမိုးပယ်ဖျက်တယ်ဆိုပြီး ကြေညာချက်ပြန်ထုတ်တယ်ပေါ့နော်။ ဒါပေမယ့် လွမ်းမိုးပြီးတော့ ပယ်ဖျက်တာထက် တိုက်ပွဲတွေရပ်ဖို့လိုပါတယ်။ တိုက်ပွဲတွေရပ်မှပဲ ရွာသူ၊ ရွာသားတွေက ကိုယ့်ရဲ့နေထိုင်တဲ့ မြို့တွေကို စိတ်အေးချမ်းစွာနဲ့ ပြန်လာနိုင်မှာ ဖြစ်ပါတယ်။” ဟု ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

ထို့ပြင် တိုက်ပွဲများကြား၌ အသက်လုထွက်ပြေးနေရခြင်းကြောင့် ပြည်သူများစွာ ဒုက္ခရောက်နေကြရသည့် အတွက် နိုင်ငံရေးစားပွဲဝိုင်းတွင် ဂုဏ်သိက္ခာရှိရှိ ဆွေးနွေးအဖြေရှာရန် လိုအပ်ကြောင်းလည်း ဒေါ်ခင်စောဝေက တိုက်တွန်းသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင်တပ်(AA)တို့သည်  ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇာဘာလမှ လက်ရှိအချိန်ထိ တိုက်ပွဲပြန်းထန်စွာ ဖြစ်ပွားနေပြီး အစိုးရငြိမ်းချမ်းရေးကော်မရှင်မှ ရခိုင်တပ်(AA)အပါအဝင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကို စေ့စပ်ညှိနှိုင်းမှုများလုပ်ဆောင်နေသော်လည်း အောင်မြင်မှုမရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly