ဇွန် ၂၄
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်တွင် အင်္ဂါနေ့က အိမ်တစ်အိမ်မှ လက်နက်ခဲယမ်းမီးကျောက်များ ရှာဖွေတွေ့ရှိခဲ့သဖြင့် နိုင်ငံရေးမငြိမ်သက်မှု ဖြစ်စေမည့်အစီအစဉ်တစ်ခု၏ တစ်စိတ်တစ်ဒေသအဖြစ် သံသယရှိနေရပြီး ရဲတပ်ဖွဲ့ဝင်များ သတိကြီးစွာထားနေရသည်။
လူအုပ်စုအချို့သည် နိုင်ငံရေးမငြိမ်မသက်ဖြစ်စေရန် စီစဉ်နေသည်ဟု လုံခြုံရေး အေဂျင်စီများ၏ ထောက်လှမ်းမှုကို ကြားသိထားသဖြင့် အဆိုပါလက်နက်များသည် အခြေအနေတစ်ခုဖန်တီးရန် နိုင်ငံရေးလှုပ်ရှားမှုအတွက် အသုံးချနိုင်သည်ဟု ယုံကြည်ကြောင်း နှင့် မည်သည့်နိုင်ငံရေးအုပ်စုပိုင်ဆိုင်သည်ကို မသိရဘဲ ဆက်လက်စုံစမ်းနေသည်ဟု ရဲတပ်ဖွဲ့မှူး Chakthip Chaijinda က ပြောသည်။
မဲဆောက်မြို့ Mae Tao ရပ်ကွက်ရှိ အိမ်တစ်အိမ်ကို စစ်တပ်နှင့်ရဲများ စီးနင်းခဲ့ရာ M16 လေးလက်, M79 လက်ပစ်ဗုံးလောင်ချာ သုံးလက်၊ AK ရိုင်ဖယ် ၁၃ လက် ၊ စက်သေနတ်နှစ်လက်၊ ရိုင်ဖယ်သေနတ်ငယ် ၁၀ လက်နှင့် ခဲယမ်းမီးကျောက်များကိုရှာဖွေဖမ်းဆီးရရှိခဲ့ပြီး လူနှစ် ဦးအား စစ်ဆေးမေးမြန်းရန် ဖမ်းဆီးခဲ့ကြသည်။
ထိုင်းနိုင်ငံတွင် သက်ဦးဆံပိုင်ဘုရင်စနစ်ဖြုတ်ချခဲ့သော ၁၉၃၂ တော်လှန်ရေး ၈၈ နှစ်မြောက်အဖြစ် ဆန္ဒပြလှုပ်ရှားမှုများကို စောင့်ကြည့်ရန် ခွန်ခိုင်၊ ဖာရာ ၊ နာခွန်း ရာချာစီမာ၊ အယုဒ္ဒယနှင့် ချင်းမိုင်အပါအဝင် ပြည်နယ် ၁၀ ခုရှိ ရဲများအား ညွှန်ကြားထားသည်ဟု Chakthip က ပြောသည်။
အစိုးရဆန့်ကျင်သူ ၃၀၀ ခန့်သည် ဘန်ကောက်မြို့လယ် Pathumwan ရပ်ကွက်ရှိ Skywalk အနီးတွင် စုဝေးလိမ့်မည်ဟု အာဏာပိုင်များက ခန့်မှန်းထားကြသည်။
ကိုရိုနာဗိုင်းရပ်စ်တားဆီးရန် ကန့်သတ်ချက်များထုတ်ပြန်ထားသော်လည်း လူစုလူဝေးဖြစ်နိုင်သည်ဟု မျှော်လင့်ရသည်။
စီမံချက်များတွင် နှစ်ပတ်လည်လှုပ်ရှားမှုကျင်းပနေသည့်အခမ်းအနားနေရာများ၌ စစ်ဆေးရေးဂိတ်များချထားခြင်းလည်း ပါဝင်သည်။ ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိက ပွဲစီစဉ်သူများနှင့် ပါဝင်သူများကို ဥပဒေနှင့် အရေးပေါ်အမိန့်များကို လိုက်နာရန် ဆော်ဩထားသည်ဟု ပြောသည်။
အမိန့်ကိုချိုးဖောက်ပြီး လူစုလူဝေးလုပ်သူများသည် ထောင်ဒဏ် နှစ်,နှစ် သို့မဟုတ် ထိုင်းဘတ်ငွေ ၄၀ ၀၀၀ ဒဏ်ကြေး ပေးဆောင်ရမည်ဖြစ်ကြောင်း ရဲမှူးကြီး Kissana Phattanacharoen က ဆိုသည်။