ထရမ့်၏ မဲဆွယ်စည်းရုံးပွဲ တက်ရောက်သူနည်းပါးစေရန် နှောင့်ယှက်ခဲ့ဟု TikTok users များ ပြော

ထရမ့်၏ မဲဆွယ်စည်းရုံးပွဲ တက်ရောက်သူနည်းပါးစေရန် နှောင့်ယှက်ခဲ့ဟု TikTok users များ ပြော

ဇွန် ၂၂

အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ် Tulsa မြို့တွင် ဇွန်လ ၂၀ ရက်က ပြုလုပ်သည့် သမ္မတ ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးပွဲတွင် တက်ရောက်သူနည်းပါးစေရန် တမင်ရည်ရွယ် လုပ်ဆောင်ခဲ့ကြောင်း TikTok users များ၊ ကိုရီးယားကေပေါ့ပ် ဂီတ အားပေးသူပရိသတ်များက ပြောကြားခဲ့ကြသည်။

လများစွာအတွင်း ထရမ့်၏ ပထမဆုံးသော နိုင်ငံရေး စည်းရုံးပွဲတွင် တက်ရောက်သူ များပြားလိမ့်မည်ဟု အထင်ရှိစေရန် ရည်ရွယ်ပြီး အတုအယောင် စာရင်းပေးသွင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း TikTok users များနှင့် K-pop ပရိသတ်များက ပြောသည်။

၎င်းတို့အနေဖြင့် ထရမ့်၏ မဲဆွယ်ပွဲသို့ တကယ် တက်ရောက်ရန် ရည်ရွယ်ချက် မရှိဘဲ အခမဲ့ အွန်လိုင်း စာရင်းပေးသွင်းမှုကို ဖြည့်ခဲ့ကြကြောင်း နာမည်ကျော် video-sharing app အပါအဝင် ပလက်ဖောင်းအများအပြားပေါ်က ဆိုရှယ်မီဒီယာသုံးသူများက ပြောသည်။

မဲဆွယ်စည်းရုံးပွဲ မစတင်မီက အခမ်းအနားပွဲသို့ တက်ရောက်ရန် ပန်ကြားမှု အရေအတွက်ပေါင်း တစ်သန်းကျော် ရှိခဲ့ကြောင်း ထရမ့်၏ မဲဆွယ်စည်းရုံးပွဲ မန်နေဂျာ Brad Parscale က ပြောသည်။

သို့သော် ဇွန်လ ၂၀ ရက် ညနေခင်းတွင် ထိုင်ခုံ ၁၉,၀၀၀ ဆံ့ BOK Center ခန်းမတွင် အခမ်းအနားပြုလုပ်ချိန်တွင် မျှော်မှန်းထားသလောက် တက်ရောက်သူ များပြားခဲ့ခြင်း မရှိဘဲ ထိုင်ခုံအလွတ် အများအပြား ရှိနေခဲ့သည်။

ယင်းအတွက်ကြောင့်လည်း ထရမ့်နှင့် ဒုသမ္မတ မိုက်ပန့်စ်တို့ ခန်းမအပြင်ဘက်တွင် ပြုလုပ်ရန် ရည်ရွယ်ထားသည့် မိန့်ခွန်းပြောကြားမှု အစီအစဉ်များကို ဖျက်သိမ်းခဲ့ရသည်။

မဲဆွယ်ပွဲတွင် အမှန်တကယ် တက်ရောက်ခဲ့သူ ဦးရေသည် ၆,၂၀၀ ခန့်သာ ရှိခဲ့ကြောင်း Tulsa မီးသတ်ဌာနက ပြောသွားသည်။

ထရမ့်သည် ၎င်း၏ ပြိုင်ဘက် ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒန်၏ နောက်တွင် ရောက်နေသည်ဟု လူထုသဘောထား စစ်တမ်းများ ပြသထားချိန်တွင် ယခု ထရမ့်၏ မဲဆွယ်စည်းရုံးပွဲက ၎င်းအပေါ် ထောက်ခံအားပေးမှုကို ပြန်လည်အားသစ်လောင်းနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်မည်ဟု ထရမ့်၏ မဲဆွယ်စည်းရုံးရေး အကြံပေးတာဝန်ရှိသူများက ရှုမြင်ထားကြသည်။

မဲဆွယ်ပွဲတွင် အရင်လာသူကို အရင်ဧည့်ခံမည့် အခြေခံသဘောတရားဖြင့်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမှ လက်မှတ်အစစ်များ ထုတ်ပေးခဲ့ခြင်း မရှိဟု ထရမ့်၏ မဲဆွယ်အဖွဲ့က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly