ဟောင်ကောင် အဓိကရုဏ်းသမားများကို ကာကွယ်ခြင်းက ထိုင်ဝမ်ပြည်သူများအား ထိခိုက်မည်ဟု တရုတ်ပြော

ဟောင်ကောင် အဓိကရုဏ်းသမားများကို ကာကွယ်ခြင်းက ထိုင်ဝမ်ပြည်သူများအား ထိခိုက်မည်ဟု တရုတ်ပြော

ဇွန် ၂၀

ဟောင်ကောင်မှ အဓိကရုဏ်းတွင် ပါဝင်သူများအား အကာအကွယ်ပေးရန် ကမ်းလှမ်းခြင်းက ထိုင်ဝမ်က ပြည်သူများကို ထိခိုက်မှုသာ ဖြစ်စေလိမ့်ပြီး တရုတ် အုပ်ချုပ်သော မြို့၏ အရေးအရာတွင် ကြားဝင်စွက်ဖက်ခြင်းပဲ ဖြစ်သည်ဟု တရုတ်အစိုးရက ပြောသည်။

ဟောင်ကောင်မှ ထွက်ပြေးလာရန် ဆုံးဖြတ်သည့် ပြည်သူများကို ထိုင်ဝမ်က အကူအညီပေးမည့် အစီအစဉ်များကို ရှုတ်ချရင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အမျိုးသားလုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းရန် လုပ်ဆောင်လာခြင်း အပါအဝင် ဗြိတိသျှကိုလိုနီဟောင်း ဟောင်ကောင်အား တရုတ်က တင်းကျပ်လာခြင်းကြောင့် စွန်ခွာရန် စဉ်းစားလာသူများကို အကူအညီပေးရေး သီးသန့်ရုံး ဖွဲ့စည်းထူထောင်မည်ဟု ထိုင်ဝမ်က ကြာသပတေးနေ့က ပြောခဲ့သည်။

ဗြိတိန်လက်အောက်မှ ဟောင်ကောင်အား ‘တစ်နိုင်ငံ၊ စနစ်နှစ်ရပ်’ ပုံစံဖြင့် ကျယ်ပြန့်သော လွတ်လပ်ခွင့်များ ပေးသည့် ကတိကဝတ်များနှင့်အတူ ၁၉၉၇ တွင် တရုတ်အုပ်ချုပ်မှုအောက်သို့ ပြန်ရောက်ခဲ့သည့် အထင်ကရ နေ့ရက်ဖြစ်သော ဇူလိုင် ၁ ရက်တွင် အဆိုပါ ရုံးသစ်အား စတင်လုပ်ငန်းလည်ပတ်မည် ဖြစ်သည်။

ဒီမိုကရက်တစ်တိုးတက်ရေးပါတီ အာဏာပိုင်များ၏ ယင်း အစီအစဉ်သည် ဟောင်ကောင်ရေးရာတွင် ဝင်ရောက်ခြေထိုးရန် နိုင်ငံရေး ကြံစည်ချက်ဖြစ်ပြီး ဟောင်ကောင်၏ တည်ငြိမ်မှုနှင့် ချမ်းသာကြွယ်ဝမှုကို ဖျက်လိုဖျက်ဆီး လုပ်ခြင်းပင် ဖြစ်သည်ဟု တရုတ်၏ မူဝါဒချမှတ်သော ထိုင်ဝမ်ရေးရာရုံးက သောကြာနေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ဟောင်ကောင်မှာ မငြိမ်မသက် ဖြစ်အောင် လုပ်ဆောင်ခဲ့သူတွေကို ထိုင်ဝမ်ဆီ ခိုလှုံခွင့်ပေးတာဟာ ထိုင်ဝမ်ပြည်သူတွေအတွက် ထိခိုက်နစ်နာမှုတွေပဲ ဆောင်ကြဉ်းလာလိမ့်မှာ ဖြစ်တယ်။”ဟု ယင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဟောင်ကောင်လွတ်လပ်ရေးကို ဖော်ဆောင်သော အင်အားစုများ၊ ထိုဝမ်နှင့် ‘တစ်နိုင်ငံ၊ စနစ်နှစ်ရပ်’ကို ဖျက်ရန် ကြိုးစားသူများ၊ နိုင်ငံအား ခွဲခြမ်းရန် ကြိုးစားသူများသည် မည်သည့်အခါမှ အောင်မြင်လိမ့်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်က ဆိုထားသည်။

ဟောင်ကောင်၌ အစိုးရဆန့်ကျင်သော ဒီမိုကရေစီ လိုလားသည့် ဆန္ဒပြမှုများ လများစွာ ဖြစ်ပွားခဲ့ပြီးနောက် ဒီမိုကရေစီနိုင်ငံများ၏ ညှာတာထောက်ထားမှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့ပြီး တရုတ်က ၎င်းပိုင်ဟု ဆိုထားသော ထိုင်ဝမ်က ဟောင်ကောင်ပြည်သူများ လာရောက်သည်ကို လက်ခံကာ ပိုမို လာရောက်ကြလိမ့်မည်ဟုလည်း မျှော်လင့်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly