အမေရိကန်သမိုင်းတွင် ပထမဆုံးအကြိမ် လူမည်းတစ်ဦးအား လေတပ်ဦးစီးချုပ်ခန့်အပ်

By The Washinton Post
11 June 2020
အမေရိကန်သမိုင်းတွင် ပထမဆုံးအကြိမ် လူမည်းတစ်ဦးအား လေတပ်ဦးစီးချုပ်ခန့်အပ်

ဇွန် ၁၁

အမေရိကန်အထက်လွှတ်တော်သည် ဝါရင့်တိုက်လေယာဉ်မှူးဟောင်း ဗိုလ်ချုပ်ကြီး Charles CQ Brown Jr. ကို လေတပ်ဦးစီးချုပ်အဖြစ် ခန့်အပ်ရန် အင်္ဂါနေ့က အတည်ပြုလိုက်သောကြောင့် Brown သည် အမေရိကန်စစ်တပ်သမိုင်းတွင် ပထမဆုံး အာဖရိကန်-အမေရိကန်အကြီးအကဲတစ်ဦးဖြစ်လာခဲ့သည်။  

ပြီးခဲ့သည့်နှစ်နှစ်အတွင်း  ပစိဖိတ်လေတပ်ဦးစီးချုပ်အဖြစ်ထမ်းဆောင်လာခဲ့သော Brown သည် ဗိုလ်ချုပ်ကြီး David L. Goldfein ၏ ရာထူးနေရာကို အစားထိုးဝင်ရောက်လာခြင်းဖြစ်သည်။ ပင်တဂွန်၏ အာကာသတပ်ဖွဲ့သည် ကိုယ်ပိုင်ဝန်ဆောင်မှုဌာနခွဲအဖြစ်တည်ထောင်ပြီးချိန်တွင် Brown သည် အဆိုပါစစ်ဆင်ရေးများ၌ ဦးဆောင်လုပ်သွားမည်ဟု မျှော်လင့်ရသည်။

Brown က ၎င်းအနေဖြင့် လေတပ်ဦးစီးချုပ်အဖြစ်ခန့်အပ်ခံရ၍ ဂုဏ်ယူမိကြောင်း ၊ ယခင်လေတပ်ဦးစီးချုပ်များ ထမ်းဆောင်ခဲ့သည့်တာဝန်များကို ဆက်လက်တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၎င်းနှင့်ဇနီး Sharene တို့သည် လေတပ်မိသားစုဝင်များအတွက် တာဝန်ထမ်းဆောင်ပေးရခြင်းသည် အထူးအခွင့်အရေးပင်ဖြစ်ကြောင်းနှင့် အမေရိကန်လေတပ်ကို ကမ္ဘာတွင် လေးစားမှုအခံရဆုံးနှင့် အစွမ်းဆောင်နိုင်ဆုံးတပ်အဖြစ်ဆက်လက်တည်ရှိစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ဗိုလ်ချုပ်ကြီး Brown ကို အမေရိကန်ရဲ့ ပထမဆုံး အာဖရိကန်-အမေရိကန်စစ်မှုထမ်းအကြီးအကဲအဖြစ်ခန့်အပ်ဖို့ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို အထက်လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ အမေရိကန်အတွက် သမိုင်းဝင်နေ့တစ်နေ့ပါပဲ။ မျိုးချစ်စိတ်ကြီးပြီး မြင့်မြတ်တဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Brown နဲ့ အနီးကပ်လက်တွဲလုပ်ဆောင်သွားဖို့ စိတ်လှုပ်ရှားနေပါတယ်”  ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တွစ်တာတွင် ရေးသားခဲ့သည်။

အသက် ၅၇ နှစ်အရွယ် Brown ကို ထောက်ခံမဲ ၉၈ မဲ ၊ ကန့်ကွက်မဲမရှိဖြင့် အထက်လွှတ်တော်မှ အတည်ပြုခဲ့ခြင်းဖြစ်ပြီး အကြီးတန်းပင်တဂွန်ခေါင်းဆောင်နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

အမေရိကန်ဆန္ဒပြပွဲများနှင့်စပ်လျဉ်း၍ Brown က “ ကျွန်တော်က ဂျော့ချ်ဖလွိုက်အတွက်တင်သာမကဘဲ ဖလွိုက်နဲ့ ကံကြမ္မာတူတဲ့ အာဖရိကန်-အမေရိကန် အတွက်ပါ ခံစားရပါတယ်” ဟု ပြောသည်။ Brown က “ ကျွန်တော့်တပ်ဖွဲ့ထဲမှာ ကျွန်တော်က တစ်ဦးတည်းသော လူမည်းပါ။ စီနီယာအရာရှိပိုင်းမှာရော တစ်ခန်းလုံးမှာရော လူမည်းဆိုလို့ ကျွန်တော်တစ်ယောက်တည်းပဲ။ ရာထူးအဆောင်အယောင်တွေတပ်ထားတောင်မှ ခင်ဗျားက လေယာဉ်မှူးလား ဆိုပြီး အမေးခံရပါတယ်။ အထူးသဖြင့် လူမည်းဆိုပြီး ကျွန်တော့်ကို သိပ်မမျှော်လင့်ကြတဲ့ အကြီးပိုင်းတွေအတွက် အမှားကင်းအောင်လုပ်မယ်ဆိုတဲ့ခံစားချက်ဖိအားတွေ ကျွန်တော့်ခေါင်းထဲ ရောက်နေခဲ့ပါတယ်။ လူမည်းတွေအပေါ်သူတို့ရဲ့ထင်မြင်ချက်တွေ မဟုတ်ဘူးဆိုတာ သက်သေပြဖို့ ကျွန်တော် နှစ်ဆကြိုးစားရမယ်ဆိုပြီး အမြဲစဉ်းစားပါတယ်” ဟု ပြောသည်။

အငြိမ်းစားကြည်းတပ်ဗိုလ်မှူးကြီး၏သားဖြစ်သူ Brown ကို ထရမ့်က မတ်လကတည်း လေတပ်ဦးစီးချုပ်ရာထူးအတွက် အဆိုပြုထားခြင်းဖြစ်သည်။ ပစိဖိတ်ရှိ လေတပ်ကို မကြီးကြပ်မီ Brown သည် အရှေ့အလယ်ပိုင်း ထိပ်တန်းလေတပ်ဗိုလ်မှူးကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေသတွင်း အမေရိကန်စစ်ဆင်ရေးအားလုံးကို ကြီးကြပ်ရသော အလယ်ပိုင်းစစ်ဌာနချုပ်၏ ကြယ်သုံးပွင့်အဆင့် လက်ထောက်တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

Brown သည် တက္ကဆက်နည်းပညာတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး အရာရှိများလေ့ကျင့်ရေးတပ်မကြီးမှတစ်ဆင့် တာဝန်ပေးအပ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။ ၁၉၈၉ မှ ၁၉၉၃ အထိ ပူးတွဲစစ်ဦးစီးချုပ်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီး ကောလင်းပါဝဲလ်အပါအဝင် စစ်တပ်တွင် ယခင်က ကြယ်လေးပွင့်အဆင့် လူမည်းအရာရှိများရှိခဲ့သည်။ သို့သော် Brown သည် တပ်ဌာနခွဲကို ဦးဆောင်ရသော ပထမဆုံးလူမည်းတစ်ဦးဖြစ်လာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly