ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် ဒီမိုကရက်တစ်များ ဆော်ဩ

ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် ဒီမိုကရက်တစ်များ ဆော်ဩ

ဇွန် ၆

အမေရိကန်နိုင်ငံတွင် ရဲချုပ်နှောင်မှုအတွင်း လူမည်းအမျိုးသား သေဆုံးခဲ့မှုကြောင့် စိတ်ဆိုးဒေါသထွက်ကြရာမှ ဖြစ်ပွားပေါ်ပေါက်သော ဆန္ဒပြမှုများကို အထင်ကရ ဒီမိုကရက်တစ်နိုင်ငံရေးသမားများက အရေးတယူ လုပ်ဆောင်လာကြသည်။

အဓိကမြို့ကြီးများတွင် ဆန္ဒပြမှုများ အရှိန်ပြင်းနေစဉ်အချိန်၌ ၎င်းတို့က ဆန္ဒပြသူများ၏ ကြွေးကြော်သံများနှင့်အတူ ရပ်တည်ကာ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအတွက် ဆော်ဩကြသည်။

နိုင်ငံ၏ မြို့တော် ဝါရှင်တန်တွင် လူထုစုရုံးမှုများနှင့် ချီတက်ဆန္ဒပြမှုများအပေါ် တစ်ခါတစ်ရံ ဖီလာကန့်လန့် တုံ့ပြန်မှုများအတွက် သမ္မတ ဒေါ်နယ်ထရမ့်နှင့် အချင်းများလျက်ရှိသည့် မြို့တော်ဝန် မြူရယ်ဘော်ဆာက အိမ်ဖြူတော်သို့ သွားရာ လမ်းမကြီးတွင် အဝါရောင် စာလုံးကြီးများဖြင့် Black Lives Matter (လူမည်းများ၏ အသက်က တန်ဖိုးရှိသည်) ဆိုသော စာတမ်းကို ရေးဆွဲစေခဲ့သည်။

ပြီးခဲ့သည့် မေ ၂၅ ရက်က မင်နီယာပိုလိစ်မြို့တွင် အသက် ၄၆ နှစ်အရွယ် ဂျော့ချ်ဖလွိုက်ဆိုသူအား ငွေတု သုံးစွဲသည် သံသယဖြင့် ဖမ်းဆီးရာ၌ မြေပေါ်မှောက်လှဲပြီး လည်ပင်းပေါ် ဒူးဖြင့် ကိုးမိနစ်နီးပါး ထောက်ဖိထားရာမှ သေဆုံးခြင်း ဖြစ်သည်။

ယင်းမြို့၏ ဒီမိုကရက် မြို့မိမြို့ဖများက ရဲတပ်ဖွဲ့ ဖမ်းဆီးမှုများ၌ ဒူးဖြင့် ဖိထောက်ချုပ်နှောင်ခြင်းနှင့် လည်ပင်းအား သိုင်းချုပ်ခြင်းများကို အဆုံးသတ်ရန် မဲပေးထားကြပြီဖြစ်သော်လည်း တရားရေးက အတည်ပြုရဦးမည် ဖြစ်သည်။

ဂျော့ချ်ဖလွိုက်၏ အလောင်းအား Hennepin County Medical အဖွဲ့နှင့် ၎င်း၏ မိသားစုမှ ငှားရမ်းသော အဖွဲ့တို့၏ သီးခြားစီ အလောင်းခွဲစိတ်စစ်ဆေးမှု နှစ်ရပ်စလုံးတွင် ၎င်းသည် အသက်ရှူမရတော့၍ သေဆုံးခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly