မတ်လလယ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နယူးယော့ခ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ မရှိခဲ့

မတ်လလယ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နယူးယော့ခ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ မရှိခဲ့

ဇွန် ၅

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့၌ မတ်လ ၁၂ ရက်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့် ဇွန်လ ၃ ရက်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ မရှိခဲ့ဟု သိရသည်။

“မကြုံစဖူးတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်တွေ့ချိန်မှာ နယူးယော့ခ်မြို့သူ မြို့သားတွေဟာ အကျပ်အတည်းကာလတစ်လျှောက်လုံး တစ်ယောက်နဲ့ တစ်ယောက် ဘေးကင်းစေဖို့ ကောင်းကောင်း လုပ်ဆောင်ထားခဲ့ကြပါတယ်” ဟု မြို့တော်ခန်းမ ပြောရေးဆိုခွင့်ရှိသူ အက်ဗာရီ ကိုဟမ်က ပြောသည်။

“မျှော်လင့်ချက်တွေနဲ့အတူ ကျွန်မတို့အနေနဲ့ ကျွန်မတို့ လုပ်ဆောင်ထားနိုင်ခဲ့တဲ့ တိုးတက်မှုတွေကို မျက်ခြေမပြတ်စေဘဲ ဘေးကင်းကင်းနဲ့ ပြန်လည် ဖွင့်လှစ်သွားနိုင်အောင်လို့ ကျွန်မတို့ ဆက်လုပ်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းမြို့၌ ပြီးခဲ့သည့် ဇွန်လ ၂ ရက်နှင့် ၃ ရက်အကြား ထပ်တိုး သေဆုံးမှု မရှိခဲ့ဟု မြို့၏ ကျန်းမာရေးဌာန ဒေတာအချက်အလက်များအရ သိရသည်။

ယခုအပတ်အစောပိုင်း အလားတူကာလအတွင်း ယင်းမြို့၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည်ဟု စစ်ဆေးသိရှိခဲ့ခြင်းမရှိသော်လည်း ယင်းရောဂါလက္ခဏာရပ်များ ပြသပြီး သေဆုံးသွားသူ သုံးဦး ရှိခဲ့သည်ဟု သိရသည်။ COVID-19 ကြောင့် ဖြစ်နိုင်ဖွယ်ရှိသည့် အဆိုပါ သေဆုံးမှုဖြစ်စဉ်များကို လာမည့်ရက်များအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် အတည်ပြုသေဆုံးမှုများအဖြစ် ပြန်လည်သတ်မှတ်သွားနိုင်ကြောင်း ကိုဟမ်က ပြောသွားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလအစောပိုင်းက ကပ်ရောဂါအထွတ်အထိပ်ကာလအတွင်း ယင်းမြို့၌ တစ်ရက်လျင် သေဆုံးမှုအသစ် ၅၀၀ ခန့် ရှိခဲ့ကြောင်း သိရသည်။

ယင်းမြို့တွင် လက်ရှိအချိန်အထိ COVID-19 ကြောင့် သေဆုံးသူ ၂၁,၇၅၂ ဦး ရှိရာ ၎င်းတို့ထဲတွင် COVID-19 ကြောင့်ဟု အတည်ပြုထားသည့် သေဆုံးသူ ၁၆,၉၉၂ ဦးနှင့် COVID-19 ကြောင့် ဖြစ်နိုင်ခြေရှိသည့် သေဆုံးသူ ၄,၇၆၀ ဦး ရှိနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly