ရွှေဆိုင်ဓားပြတိုက်သူ တရုတ်နိုင်ငံသား ၃ ဦးကို UWSA က သေဒဏ်ပေး

ရွှေဆိုင်ဓားပြတိုက်သူ တရုတ်နိုင်ငံသား ၃ ဦးကို UWSA က သေဒဏ်ပေး
ပုံ- သေဒဏ်ပေးခံရသော တရုတ်နိုင်ငံသား သုံးဦး(ပုံ-ညီရန်း)

ရန်ကုန်၊မေ ၁၆

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းရှိ နမ့်တစ်မြို့မှ ရွှေဆိုင် တစ်ဆိုင်ကို ဓားပြဝင်တိုက်သည့် တရုတ်နိုင်ငံ သား သုံးဦးကို “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA)က မေလ ၁၄ ရက်က အများပြည်သူရှေ့ မှာ တရားစီရင်ချက် ချမှတ်ကာ သေနတ်ဖြင့် ပစ်၍ သေဒဏ်ပေးလိုက်ကြောင်း UWSA ၏ လားရှိုးမြို့ ဆက်ဆံ ရေးရုံးတာဝန်ခံ ဦးညီရန်းက မဇ္ဈိမသို့ ပြောသည်။

တရုတ်နိုင်ငံသား သုံးဦးသည် မေလ ၃ ရက်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း UWSA ၏ အထူးဒေသ နမ့်တစ် မြို့ရှိ ရွှေဆိုင် တစ်ဆိုင်သို့ ဝင်ရောက်ကာ ဓားပြတိုက်၍ ဆိုင်ရှင်တစ်ဦးကို သတ်ဖြတ်သွားခဲ့ရာ UWSA က တရားခံများကို ဖမ်းဆီးရမိသည့်အတွက် မေလ ၁၄ ရက်မှာ သေဒဏ်ပေးခဲ့သည်။

UWSA ၏ လားရှိုးမြို့ ဆက်ဆံ ရေးရုံးတာဝန်ခံ ဦးညီရန်းက “ မေလ ၃ ရက်နေ့တုန်းကပေါ့နော်၊ ရွှေဆိုင် တစ်ခု မှာ တရုတ်သုံးယောက်က ဝင်ပြီးတော့မှ ဓားပြတိုက်ပြီးတော့ မှ ဆိုင်ရှင်ကိုပါ သတ်သွားတယ်လေ။ အဲဒါ ကို ကျွန်တော်တို့ “ဝ” တရားဥပဒေအရပေါ့နော် စိစစ်မှုတွေ အဆင့် ဆင့် ပြုလုပ်ပြီး တော့မှ အများ ပြည်သူ အရှေ့ မှာ စီရင်ချက် ချတာပေါ့နော်။ သတ်မှတ်ထားတဲ့ နေရာမှာ ပြင်ဆင် ထားတဲ့ နေရာမှာ သွားပြီး တော့မှ ကွပ်မျက် ခဲ့တာပေါ့နော်။ ကျွန်တော်သိရသလောက်တော့ သေနတ်နဲ့ ကွပ်မျက်တယ်လို့ သိရတယ်။ မေလ ၁၄ ရက်နေ့က ”ဟု ပြောသည်။

လက်ရှိတွင် သေဒဏ် ပေးခဲ့ရသော တရုတ်နိုင်ငံသား သုံးဦး ဓားပြတိုက်၍ ရယူသွားသော ငွေသားနှင့် ရွှေသား များလည်း ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး ပိုင်ရှင်ထံ အပ်နှံထားကြောင်း၊ “ဝ”ဒေသ တရားစီရင်ရေးဥပဒေ ပုဒ်မ မည်မျှဖြင့် သေဒဏ် စီရင်ခဲ့သည်ကိုတော့ မိမိလည်း မသိကြောင်း ၎င်းက ပြောသည်။

ပုံ- သေဒဏ်ပေးခံရသော တရုတ်နိုင်ငံသား သုံးဦး(ပုံ-ညီရန်း)

သို့သော် UWSA သည် ခိုးမှု၊ မုဒိန်းမှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု စသည့် ပြစ်မှုများကို သေဒဏ် စီရင်လေ့ရှိကြောင်း ဦးညီရန်းက ပြောသည်။

“ကျွန်တော်လည်း ဥပဒေပညာရှင်အပိုင်းမဟုတ်တော့ အသေးစိတ်တော့မသိဘူး၊ အလွတ်မရဘူးပေါ့နော်။ ဖြစ်တာ နမ့်တစ်မြို့ပေါ့ ကျွန်တော်တို့ ဝပြည်နယ်မှာ ခရိုင်မြို့အထူးမြို့နယ်ဆိုတာရှိတယ်။ အထူးမြို့နယ်က မြောက်ပိုင်းမှာ ရှိတာပေါ့လေ၊ မြောက်ပိုင်းရဲ့အစွန်းဆုံးမြို့ပေါ့လေ အဲလို ပြောလို့ရပါတယ်။အရင်တုန်းကလည်း ကျွန်တော်တို့ ငြိမ်းချမ်းရေးယူပြီးကတည်းက ဒါမျိုးဓားပြတိုက်၊ လူသတ်မှု၊ လက်နက်ရောင်းဝယ်မှု၊ မူးယစ်ဆေး ဝါး ကြီးမားတဲ့ ပမာဏရှိတယ်ဆိုရင် သေဒဏ်ချမှတ်တာတွေ လုပ်လေ့လုပ်ထ လုပ်နေကြပါ”ဟု ၎င်းက ပြော သည်။

UWSA သည် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ကနေ ခွဲထွက်ပြီးနောက် ၁၉၈၉ ခုနှစ်တွင် တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူခဲ့ပြီး အထူးဒေသ(၂)အဖြစ် “ဝ”ဒေသကို ထိန်းချုပ်ကာ ကိုယ်ပိုင် လက်နက်ကိုင်တပ်၊ ရဲတပ်ဖွဲ့၊ တရားရေးဌာန၊ အခွန်ဌာန၊ လ.ဝ.က ဌာန၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန တို့ကို ထူထောင်ကာ အုပ်ချုပ် လျက်ရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၆(စ)အရ ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်းခမ်း)မြို့နယ် ခြောက်မြို့နယ်တို့ကို ခရိုင် နှစ်ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly