ကြက်ဟင်းခါးသီးဖျော်ရည်

ကြက်ဟင်းခါးသီးဖျော်ရည်

ရေးသားသူ Dr.Thant Zin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကြက်ဟင်းခါးသီးကို ဟင်းအနေနဲ့ချက်စားကြပေမယ့် ဖျော်ရည်အနေနဲ့ သောက်သုံးနိုင်တယ်ဆိုတာကိုတော့ သိရှိသူနည်းပါးတယ်။ နာမည်နဲ့လိုက်အောင်ပဲ ဖျော်ရည်မှာ ခါးတဲ့အရသာတော့ ရှိနေမှာ ဖြစ်ပါတယ်။

အရသာခါးပေမယ့် သွေးတိုးကျစေခြင်း၊ အရေပြားလှပခြင်း စတဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိတာကြောင့် နောက်ပိုင်းမှာ ဖျော်ရည်အဖြစ် သုံးစွဲလာကြပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြသွားမှာကတော့ ကြက်ဟင်းခါးသီးရဲ့ အာဟာရများနဲ့ ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်းပဲ ဖြစ်ပါတယ်။

ကြက်ဟင်းခါးသီးကို သိပ္ပံအမည်အရ Momordica charantia လို့ခေါ်ဝေါ်ပါတယ်။ ပြင်ပပုံစံအရ ကြမ်းတမ်းပြီး တရုတ်မျိုးနဲ့ အိန္ဒိယမျိုးဆိုပြီး နှစ်မျိုးရှိပါတယ်။

ပါဝင်သော အာဟာရဓာတ်များ

ကြက်ဟင်းခါးသီးဖျော်ရည်မှာ အရေးကြီးတဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဥပမာအားဖြင့် ကြက်ဟင်းခါးသီးဖျော်ရည်တခွက် (၁၁၈ မီလီလီတာ) မှာ အာဟာရဓာတ်အားဖြင့်

– ကယ်လ်လိုရီ ၁၆ ယူနစ်

– ကာဗိုဟိုက်ဒရိတ် ၃.၄ ဂရမ်

– အမျှင်ဓာတ် ၂.၆ ဂရမ်

– ပရိုတိန်း ဝ.၉ ဂရမ်

– အဆီဓာတ် ဝ.၂ ဂရမ်

– ဗီတာမင်စီ တနေ့တာလိုအပ်ချက်၏ ၉၅%

– ဖောလိတ် တနေ့တာလိုအပ်ချက် ၁၇%

– ဇင့်ဓာတ် တနေ့တာလိုအပ်ချက်၏ ၉၅%

– ပိုတက်ဆီယမ် တနေ့တာလိုအပ်ချက်၏ ၉၅%

– သံဓာတ် တနေ့တာလိုအပ်ချက်၏ ၉၅%

– ဗီတာမင်အေ တနေ့တာလိုအပ်ချက်၏ ၄% စတာတွေ ပါဝင်ပါတယ်။

ကိုယ်ခံစွမ်းအား မြင့်တက်စေခြင်း

ကြက်ဟင်းခါးသီးဖျော်ရည်ဟာ ဗီတာမင် စီ ကြွယ်ဝပြီး ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေရှိတာကြောင့် ကိုယ်ခံစွမ်းအားမြင့်တက်စေခြင်း၊ ဦးနှောက်ကို အကျိုးပြုခြင်း၊ တစ်ရှူးများ အနာကျက်မြန်စေခြင်း စတဲ့အကျိုးကျေးဇူးတွေ ပေးပါတယ်။

အမြင်အာရုံ ကောင်းစေခြင်း

ဗီတာမင်အေလည်း ကြွယ်ဝတာကြောင့် အမြင်အာရုံကောင်းစေခြင်း၊ အရေပြားကျန်းမာရေးကောင်းခြင်း စတဲ့ အာနိသင်တွေ ရှိပါတယ်။ ဒါ့အပြင် ကြက်ဟင်းခါးသီးဖျော်ရည် တစ်ခွက်မှာ တနေ့တာလိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ ၈% ပါဝင်တာကြောင့် အစာခြေစနစ်ကို အကျိုးပြုပါတယ်။ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းပေးပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းပေးခြင်း

သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်တာနဲ့ ပတ်သက်ပြီး သုတေသနတွေ ပြုလုပ်ထားပါတယ်။ ကြက်ဟင်းခါးသီးမှာ polypeptide-p၊ charantin နဲ့ vicine စတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်။ polypeptide-p ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းရာမှာ အင်ဆူလင်လိုပဲ လုပ်ဆောင်ပေးပါတယ်။ ဒါ့အပြင် ကြက်ဟင်းခါးသီးဖျော်ရည်ဟာ အင်ဆူလင်ဟော်မုန်းထုတ်ပေးတဲ့ ပန်ခရိယရဲ့ ဆဲလ်တွေကို ကာကွယ်ပေးခြင်း၊ အသစ်ပြန်ဖြစ်စေခြင်း စတဲ့နည်းတွေနဲ့ အကျိုးပြုပါတယ်။

အရေပြား ကျန်းမာရေး ကောင်းစေခြင်း

ကြက်ဟင်းခါးသီးဖျော်ရည်ဟာ အသားအရေကို ကြည်လင်တောက်ပစေတဲ့ ဂုဏ်သတ္တိရှိတယ်လို့ ဆိုပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ ဗီတာမင်စီနဲ့ ဗီတာမင်အေဟာ အရေပြားကို လှပစေခြင်း၊ အနာကျက်မြန်စေခြင်း စတဲ့အကျိုးကျေးဇူးတွေ ပေးပါတယ်။ တိုင်းရင်းဆေးပညာအချို့မှာ နှင်းခူအပါအဝင် အရေပြားမှာဖြစ်တတ်တဲ့ ယားနာများ၊ အနာများအတွက် ကုသရာမှာ သုံးစွဲကြတယ်လို့ ဆိုပါတယ်။

အခြားအကျိုးကျေးဇူးများ

ကြက်ဟင်းခါးသီးဖျော်ရည်ဟာ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူ ပြုပါတယ်။ အမျှင်ဓာတ်များပြီး ကယ်လိုရီနည်းလို့ ဖြစ်ပါတယ်။ ဒါကြောင့် အချိန်အတော်ကြာကြာ ဗိုက်ပြည့်နေတဲ့ ခံစားချက်ကို ပေးပါတယ်။

ကြက်ဟင်းခါးသီးဟာ အကျိုးပြုကိုလက်စထရောဖြစ်တဲ့ HDL ကိုလက်စထရောကို တက်စေပြီး မကောင်းတဲ့ LDL ကိုလက်စထရောနဲ့ triglyceride ကို လျော့ကျစေတယ်လို့လည်း သိရပါတယ်။ တိရစ္ဆာန်များနဲ့ စမ်းသပ်တဲ့ သုတေသနအရ ကင်ဆာရောဂါအချို့ကို ကာကွယ်နိုင်တဲ့အစွမ်း ရှိတယ်လို့လည်း သိရပါတယ်။

ခြုံပြောရရင် ကြက်ဟင်းခါးသီးဖျော်ရည်ဟာ အရသာခါးပေမယ့် ကျန်းမာရေးအတွက် ကောင်းမွန်စေတာကြောင့် မြည်းစမ်းသောက်သုံးသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly