မြောက်ဥက္ကလာတွင်သိမ်းဆည်းရမိသော လက်နက်များ၏အဓိကသံသယရှိသူကိုဖမ်းမိ

မြောက်ဥက္ကလာတွင်သိမ်းဆည်းရမိသော လက်နက်များ၏အဓိကသံသယရှိသူကိုဖမ်းမိ
   Photo -  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

ဧပြီလ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် ၊ (ဈ)ရပ်ကွက်၊စက္ကဝတ်(၃)လမ်းရှိ အမှတ် ၂၄၅ နေအိမ်အတွင်းတွင် သေနတ်အပါအဝင်ဆက်စပ်ပစ္စည်းများရဲ့ အဓိကသံသယရှိသူကို  ဧပြီလ ၂၉ ရက်နေ့ ညကဖမ်းဆီးရမိခဲ့ကြောင်းကို မြောက်ဥက္ကလာပမြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။

မြောက်ဥက္ကလာပမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက  “ဟုတ်ပါတယ် မိထားပါတယ်။ အခုစစ်ဆေးနေတုန်း ရှိနေပါသေးတယ်။ အခုချုပ်ရက်ရမန်ယူထားပါတယ်။  “ ဟု မဇ္ဈိမသတင်းဌာန ကိုအတည်ပြုဖြေကြားသည်။

အဓိကသံသယရှိသူပြည့်စုံဝင်းဗိုလ်၏ အိပ်ခန်းအတွင်းမှ တရားမဝင်လေသေနတ် လေးလက်၊ ကော်စေ့ဖြင့်ပစ်ခတ်သည့် ကော်ပစ္စတိုသေနတ် နှစ်လက်၊  လေသေနတ်ကျည် ၂၅၄၈ တောင့်၊ သံဘောစေ့မျိုးစုံ ၅၆၅၀ စေ့၊ ဓားမျိုးစုံ ၂၅ လက်၊ ပုဆိန် တစ်လက်၊ ဂျင်ကလိ ၁၉ ချောင်းနှင့် ကျည်မျိုးစုံ ၁၁၁၃ တောင့်တို့ကို သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။သံသယရှိသူသည်နေအိမ်မှထွက်ပြေး လွတ်မြောက်ခဲ့သော်လည်း နောက်တစ်ရက်ညတွင် ပဲခူးမြို့မှာဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအဓိက သံသယတရားခံ နေထိုင်သော စက္ကဝတ်(၃)လမ်းနေအိမ်တွင် ပြည်စုံဝင်းဗိုလ်အား တွေ့ရှိခြင်းမရှိဘဲ ၎င်း၏မိဘများနှင့် ဇနီးဖြစ်သူ တို့ သုံးဦးအား တွေ့ရှိခဲ့ကာ လက်ရှိတွင် ဖခင်ဖြစ်သူ ဦးဝင်းဗိုလ်အားအမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်းတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ရုံးကထုတ်ပြန်ထားသည်။

ယင်းနေအိမ်အတွင်းတွင် တရုတ်နိုင်ငံလုပ်လေသေနတ်အမျိုးအစားနှစ်လက်တွင်လေအိုးဖြင့် ပစ်ရသည့် သေနတ်တစ်လက် ပါဝင်ကြောင်း နှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိကြောင်းကို  ရန်ကုန်တိုင်းဒေသကြီး လစရ (၄) လက်နက်စစ်ဆေးရေးအဖွဲ့ ထံမှသိရှိရသည်။

 ဖမ်းဆီးရမိသော အဓိကသံသယတရားခံဖြစ်သူ ပြည့်စုံဝင်းဗိုလ်အား မြောက်ဥက္ကလာပ မြို့မရဲစခန်းက ပ ၊ ၉၈၂ /၂၀၂၀  လက်နက်ဥပဒေပုဒ်မ  ၁၉ (စ) ဖြင့် အမှုဖွင့်အရေးယူထားပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly