ကင်ဂျုံအွန်းသေဆုံးခဲ့ပါက မြောက်ကိုရီးယားမည်သို့ဖြစ်မည်နည်း

ကင်ဂျုံအွန်းသေဆုံးခဲ့ပါက မြောက်ကိုရီးယားမည်သို့ဖြစ်မည်နည်း

ဧပြီ ၂၈

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းသည် အရေးကြီးသည့် နိုင်ငံတော်အခမ်းအနားကို တက်ရောက်နိုင်ခဲ့ခြင်းမရှိဘဲ အများမြင်ကွင်းရှေ့က ပျောက်ကွယ်နေခဲ့သည်မှာ ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာပြီဖြစ်သည်။ ကင်သည် နှလုံးသွေးကြောခွဲစိတ်ကုသမှုခံယူပြီးနောက် မသန်မစွမ်းဖြစ်သွားခြင်း သို့မဟုတ် သေဆုံးသွားပြီဟုပင် သံသယဝင်နေကြသည်။

တောင်ကိုရီးယားနှင့်အမေရိကန်တို့က ထိုကိစ္စကို အလေးမမူခဲ့သော်လည်း နိုင်ငံပိုင်မီဒီယာများတွင် ကင် သက်ရှိထင်ရှားရှိသေးသည်ဆိုသည့် ခိုင်လုံသော သက်သေအထောက်အထား မဖော်ပြသေးပါ။

ကင်၏သေဆုံးမှုကို တစ်ကမ္ဘာလုံးက မည်သို့သိရှိနိုင်မည်နည်း။

မြောက်ကိုရီးယားသည် အလွန်လျှို့ဝှက်ဖုံးကွယ်တတ်ပြီး ခေါင်းဆောင်ပိုင်းနှင့်ပတ်သက်လျှင် ပိုဆိုးသည်။ ကင်၏ဖခင် ကင်ဂျုံအီကွယ်လွန်စဉ်ကလည်း အတွင်းလူများမှလွဲ၍ မည်သူမျှမသိခဲ့ဘဲ နှစ်ရက်အကြာမှ ပြင်ပကို အသိပေးခဲ့သည်။

ခေါင်းဆောင်ကွယ်လွန်ပါက အတိတ်ထုံးတမ်းအစဉ်အလာအရ ပထမဆုံးအနေဖြင့် နိုင်ငံပိုင်ရုပ်မြင်သံကြားဌာနမှ အထူးကြေညာချက်ထုတ်ပြန်ပေလိမ့်မည်။ ကင်မရာမြင်ကွင်းတွင် သတင်းကြေညာသူအမျိုးသမီးက အနက် ရောင်ဝတ်စုံ ဝတ်ထားပြီဆိုလျှင် ကင်သေဆုံးပြီဖြစ်သည်။  မြောက်ကိုရီးယား၏ဝါရင့်သတင်းကြေညာသူ ရီချွန်ဟီးသည် နိုင်ငံ၏ သမိုင်းဝင် သတင်းထူးများကို  သတင်းအဆိုးအကောင်း ပေါ်မူတည်၍ စိတ်ခံစားချက်အပြည့်ဖြင့် ကြေညာတတ်သည်။

နျူကလီးစမ်းသပ်မှု သို့မဟုတ် ဒုံးကျည်စမ်းသပ်မှုအောင်မြင်ပါက သူမသည် joseon-ot ခေါ် ရိုးရာကိုရီးယားဝတ်စုံပန်းရောင် ဝတ်၍ ကြေညာသည်။ ၂၀၁၁ ခုနှစ်က ကင်၏ဖခင် ကင်ဂျုံအီကွယ်လွန်စဉ်နှင့် ၁၉၉၄ ခုနှစ်တွင် အဘိုးဖြစ်သူ ကင်အီဆွန်ကွယ်လွန်သည့်အခါများ၌ အနက်ရောင်ရိုးရာဝတ်စုံ ဝတ်ဆင်ကာ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ နောက်ထပ် ကင်အတွက်ရော ကြေညာဖို့ရှိနေပါသလား။

မြောက်ကိုရီးယား၏တရားဝင်အမည်မှာ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံဖြစ်သော်လည်း ၁၉၄၈ ခုနှစ် နိုင်ငံစတင်ထူထောင်ကတည်းက မျိုးဆက်တစ်ခုတည်းက အုပ်ချုပ်ခဲ့သည်။

ကိုရီးယားစစ်ပွဲအတွင်းတွင် ဂျပန်တို့၏ကျူးကျော်မှုနှင့် နောက်ပိုင်း အမေရိကန်ဦးဆောင်သော ကုလသမဂ္ဂတို့ကို ဆန့်ကျင်ကာ အလုပ်သမားပါတီကို ဖွဲ့စည်းခဲ့သည်။

၎င်းပါတီသည် လူ့အဖွဲ့အစည်းကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်ထားသည်။ တစ်စိတ်တစ်ဝမ်းတည်းဖြင့် ပေါင်းစည်းမှု (Single-Minded Unity ) ဟူသည့် ဆောင်ပုဒ်ကိုလက်ကိုင်ထားကြကာ ကင်သေဆုံးခဲ့ပါကလည်း ဆူပူအုံကြွမှုတစ်စုံတစ်ရာ ဖြစ်လာဟန်မရှိပေ။

မြောက်ကိုရီးယားစစ်ဗိုလ်ချုပ်များနှင့် ထိပ်ပိုင်းနိုင်ငံရေးခေါင်းဆောင်များသည် အာဏာအကန့်အသတ်ဖြင့်သာရှိမည်ဖြစ်ကာ လုယူကြမည်မဟုတ်ဘဲ ကင်မိသားစုဝင်တစ်ဦးဦးသာဖြစ်ပါက လက်ခံကြလိမ့်မည်ဟု မြောက်ကိုရီး ယားစောင့်ကြည့်သုတေသနအဖွဲ့ Korea Risk Group မှ Andrei Lankov က ပြောသည်။

ပြိုင်ဘက်များက မည်သူတွေဖြစ်မည်နည်း။

ကင်တွင် ဒုတိမြောက်သမီးမိန်းကလေးအပါအဝင် ကလေးသုံးဦးရှိပြီး ရာထူးဆက်ခံရန် အရမ်းငယ်လွန်းသည်။

ညီမဖြစ်သူ ကင်ယိုဂျုံးသည် အနီးကပ်အကြံပေးတစ်ဦးဖြစ်ပြီး တောင်ကိုရီးယားဆောင်းရာသီအိုလံပစ်ပွဲတွင် အထူးကိုယ်စားလှယ်အဖြစ်သွားရောက်ဖူးပြီး မကြာသေးမီက သူမအမည်ဖြင့် နိုင်ငံရေးထုတ်ပြန်ချက်များကို ထုတ်ပြန်ခဲ့သည်။ သူမသည် အာဏာရအလုပ်သမားပါတီ၏ အလှည့်ကျအဖွဲ့ဝင်ဖြစ်ပြီး လက်ရှိတွင် ကင့်အသိုင်းအဝိုင်းများအနက် အထင်ရှားဆုံးဖြစ်သည်။ သို့သော်မြောက်ကိုရီးယားသည် လူမှုရေးအရ ရှေးရိုးစွဲအစဉ်အလာရှိပြီး အမျိုးသမီးခေါင်းဆောင် မရှိခဲ့ဖူးပေ။

အမွေဆက်ခံရန်အလားအလာရှိခဲ့သော ကင်၏အဖေတူအမေကွဲ ညီအစ်ကို ကင်ဂျုံနမ်မှာလည်း ၂၀၁၇ ခုနှစ်က ကွာလာလမ်ပူတွင် လုပ်ကြံခံခဲ့ရပြီး သေဆုံးသွားပြီဖြစ်သည်။

အစ်ကိုအရင်းဖြစ်သူ ကင်ဂျုံချောမှာလည်း နိုင်ငံရေးရည်ရွယ်ချက်မရှိပေ။

ဇနီးဖြစ်သူ ရီဆိုဂျူမှာလည်း ယခင်ခေါင်းဆောင်များ၏ဇနီးများထက်ပင် လူသိပိုများကာ ၂၀၁၈ ခုနှစ်က First Lady အဖြစ် ရာထူးအပ်နှင်းပြီးဖြစ်သည်။

တခြား အရေးပါထင်ရှားသူ ရှိပါသေးသလား။

ဖခင် ကင်ဂျုံအီနှင့် အဖေတူအမေကွဲဖြစ်သူ သံအမတ်ဟောင်း ဦးလေး ကင်ဖြောင်အီကိုလည်း ချက်နိုင်ငံမှပြန်ခေါ်ပြီးနောက်ပိုင်း မည်သည့်သတင်းမျှမကြားရပေ။

မိသားစုဝင်မဟုတ်သောဆက်ခံသူ ရှိပါသလား။

ကင်သည် ၎င်း၏ဆက်ခံသူကို သတ်မှတ်ထားခြင်း ရှိ/ မရှိ မသိရသော်လည်း အာဏာရပါတီ၏ဆုံးဖြတ်ချက်အဖွဲ့ဝင်ဖြစ်သူ နိုင်ငံရေးဆိုင်ရာဗျူရိုဥက္ကဋ္ဌ ချိုယောင်ဟေး သည် တရားဝင်အရ နံပါတ်နှစ် နေရာတွင်ရှိနေသည်။ ချိုယောင်ဟေးသည် နိုင်ငံ့ထိပ်ပိုင်းအစိုးရအဖွဲ့ နိုင်ငံ့ရေးရာကောင်စီတွင်လည်း ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည်။ ချိုယောင်ဟေးသည် အာဏာကြီးမားသူဖြစ်ပြီ ကင်မိသားစုဝင်နှင့် ဆွေမျိုးတော်စပ်နိုင်ပေသည်။ တောင်ကိုရီးယားမီဒီယာတစ်ခု၏ဖော်ပြချက်အရ ကင့်ညီမ ကင်ယိုဂျုံးသည် ချိုယောင်ဟေး၏ သားနှင့် လက်ထပ်ထားသည်ဟု ဖော်ပြထားသော်လည်း အတည်ပြုပြောကြားခြင်းမျိုးမရှိပေ။

ကင်၏သက်မဲ့ခန္ဓာကိုယ်ကို မည်သို့လုပ်ဆောင်ကြမည်နည်း။

ကင်၏ဖခင်နှင့်အဘိုးတို့၏ ရုပ်အလောင်းများကို ပြုံယမ်းမြို့စွန်ရှိ Kumsusan Palace of the Sun အောက်မေ့ဖွယ်နန်းတော်တွင် ဆေးစီရင်ထားရှိသည်။ ကင်၏ သက်မဲ့ခန္ဓာကိုယ်ကိုလည်း ထိုနည်းတူ ဆေးစီရင်ဖွယ်ရှိပြီး သေဆုံးပြီးနောက် ၁၀ ရက်အကြာတွင် ကင်၏အသုဘကို နိုင်ငံတော် အခမ်းအနားဖြင့် ကျင်းပပေလိမ့်မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly