ချယ်လ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီကတော့ ချယ်လ်ဆီးကနေ နည်းပြ မော်ရင်ဟို ထုတ်ပယ်ခံလိုက်ရတဲ့အချိန်မှာ ကစားသမားတွေ မျက်ရည်ကျခဲ့ကြရကြောင်း ဖွင့်ဟလိုက်ပါတယ်။
မော်ရင်ဟိုဟာ ၂၀၀၄ ခုနှစ်က ရာနီရေရီရဲ့ နေရာကို အစားထိုးဖို့အတွက် ပေါ်တိုအသင်းကနေ ရောက်ရှိလာခဲ့ပြီး ချယ်လ်ဆီးနဲ့အတူ အောင်မြင်တဲ့ ခေတ်တစ်ခုကို ထူထောင်ခဲ့တာပါ။
စပယ်ရှယ်ဝမ်းလို့ ပရီးမီးယားလိဂ်မှာ နာမည်ကြီးခဲ့တဲ့ မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းကို အလုံးစုံ ပြောင်းလဲပစ်ခဲ့ပြီး အင်္ဂလန်ဘောလုံးလောကကို ကြီးစိုးဖို့ ကြိုးစားခဲ့တာပါ။
Jose Mourinho surprising John Terry pic.twitter.com/nmv39eB7Cg
— Football Daily (@footballdaily) February 16, 2020
သူက ချယ်လ်ဆီးကို ရောက်လာတဲ့အချိန်ကစလို့ အောင်မြင်မှုတွေကို ဆက်တိုက်ရယူခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်၊ FA ဖလား ၊ လိဂ်ဖလား စတဲ့ ချန်ပီယံဆုတွေကို ဆွတ်ခူးနိုင်ခဲ့ပြီး ချယ်လ်ဆီးရဲ့ ခေတ်တစ်ခုကို ထူထောင်ခဲ့တာပါ။
ဒါပေမယ့် ၂၀၀၇-၀၈ ဘောလုံးရာသီမှာတော့ မော်ရင်ဟိုနဲ့ ချယ်လ်ဆီးအသင်းရဲ့ ရလဒ်ပိုင်းက စိတ်ပျက်စရာဖြစ်ခဲ့ပြီး ချယ်လ်ဆီးကနေ ထုတ်ပယ်ခြင်း ခံလိုက်ရတာပါ။
မော်ရင်ဟိုတစ်ယောက် ချယ်လ်ဆီးမှာ အောင်မြင်မှုတွေ ရယူခဲ့စဉ်တုန်းက သူနဲ့ ကစားသမားတွေအကြားက ဆက်ဆံရေးဟာ အကောင်းဆုံးအနေအထားမှာ ရှိနေခဲ့ပြီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီ၊ လမ်းပတ်၊ ဒရော့ဂ်ဘာ စတဲ့ ကစားသမားတွေဟာ မော်ရင်ဟိုအတွက် အကောင်းဆုံးလူတွေဖြစ်ခဲ့ကြပါတယ်။
Jose Mourinho sack left Chelsea dressing room in tears, says Blues legend John Terryhttps://t.co/9wkp9TS5zj pic.twitter.com/01LWc8p0Jv
— Daily Star Sport (@DailyStar_Sport) April 24, 2020
မော်ရင်ဟို ထုတ်ပယ်ခံလိုက်ရပြီလို့ ကြားလိုက်ရတဲ့အချိန်မှာ ချယ်လ်ဆီး ကစားသမားအားလုံးနီးပါးဟာ မျက်ရည်ကျခဲ့ရပြီး မော်ရင်ဟိုဟာ သူတို့ရဲ့စွမ်းဆောင်ရည်ပိုင်း ညံ့ဖျင်းမှုကြောင့် ထုတ်ပယ်ခံလိုက်ရတာလို့ ခံစားနေခဲ့ရကြောင်း ပြန်ပြောင်းပြောဆိုလိုက်ပါတယ်။
“အရွယ်ရောက်ပြီးသား လူတွေအနေနဲ့ ကျတဲ့မျက်ရည်ပေါ့ဗျာ...။ တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့ စဉ်းစားမိတယ်။ ငါတို့ ဒီနေရာကနေ ဘယ်ကို သွားရမလဲလို့ပေါ့…ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ကို လမ်းပြပေးခဲ့ပြီး ကျွန်တော်တို့အတွက် အဓိကကျတဲ့လူတစ်ယောက် မရှိတော့ဘူးလေ။” လို့ တယ်ရီက ဆိုပါတယ်။
တယ်ရီတို့ လူစုက မော်ရင်ဟို ကို မထုတ်ဖို့အတွက် ဘုတ်အဖွဲ့အထိတောင် သွားပြီး ခြိမ်းခြောက်ခဲ့ကြသေးတယ်။
In opposite dugouts but still smiling!
Jose Mourinho and John Terry met as coaches for the first time#AVLTOT pic.twitter.com/PNoiLtKQUD
— Premier League (@premierleague) February 16, 2020
“နားထောင်ပေးပါ…ငါတို့ သူ့ကို ဒီမှာ ဆက််ပြီး ရှိနေစေချင်သေးတယ်၊ သူ့ကို ပြန်ခေါ်ပေးလို့ရမလား။” လို့ တယ်ရီတို့အဖွဲ့က ဘုတ်အဖွဲ့ဆီကို သွားပြီး ပြောဆိုခဲ့ကြဖူးတာပါ။
“ကံဆိုးစွာနဲ့ပဲ သူတို့က အဲဒါကို ဆုံးဖြတ်ချက် ချပြီးသား ဖြစ်နေကြပါပြီ။ ဒီတော့လည်း ကျွန်တော်တို့မှာ မျက်ရည်ကျခဲ့ရုံက လွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူးပေါ့ဗျာ။” လို့ တယ်ရီက ဆိုပါတယ်။
ဒါပေမယ့် မော်ရင်ဟို ထွက်သွားခဲ့တဲ့နောက်မှာလညည်း သူတို့တစ်သင်းလုံးနီးပါးဟာ မော်ရင်ဟိုနဲ့ အဆက်အသွယ်လုပ်ခဲ့ကြပြီး ဖုန်းဆက်တာတွေ၊ မက်ဆေ့ချ်ပို့တာတွေက အချိန်ကာလ တစ်ခုအထိ ရှိနေခဲ့ကြကြောင်း တယ်ရီက ဖွင့်ဟပါတယ်။
မော်ရင်ဟိုတစ်ယောက် အခြားအသင်းတစ်သင်းရဲ့ နည်းပြ ဖြစ်သွားတဲ့အချိန်မှာမှသာ သူတို့ရဲ့ဆက်ဆံရေးက ထိတွေ့မှု လျော့နည်းသွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ မော်ရင်ဟိုဟာ သူတို့ရဲ့ ဆရာကောင်းတစ်ယောက်ပါပဲလို့ တယ်ရီက ဆိုပါတယ်။
မော်ရင်ဟိုဟာ အင်တာမီလန်အသင်းကို ကိုင်တွယ်စဉ်တုန်းကလည်း အင်တာကစားသမားတွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ပြီး အင်တာမီလန်ကစားသမားတွေဟာ သူ့အတွက် အသက်ပေးပြီး ကစားဖို့ အဆင်သင့်ဖြစ်နေခဲ့ကြတယ်လို့ အင်တာမီလန်ကစားသမားဟောင်း အချို့က အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးတာပါ။