လော့ဒေါင်း ချိုးဖောက်သည့်အတွက် တရုတ်နိုင်ငံသားတစ်ဦးကို ဂါနာရဲအရာရှိက ဆူပူကြိမ်းမောင်းသည့် ဗီဒီယိုကြောင့် အာဖရိကတွင် အားရကျေနပ်မှု ဖြစ်

လော့ဒေါင်း ချိုးဖောက်သည့်အတွက် တရုတ်နိုင်ငံသားတစ်ဦးကို ဂါနာရဲအရာရှိက ဆူပူကြိမ်းမောင်းသည့် ဗီဒီယိုကြောင့် အာဖရိကတွင် အားရကျေနပ်မှု ဖြစ်

ဧပြီ ၂၂

တရုတ်နိုင်ငံ ကွမ်ကျို့တွင် အာဖရိကနိုင်ငံသားများကို တရုတ်တို့က မလျော်မကန် ပြုမူဆက်ဆံနေသည့် သတင်းများ ထွက်ပေါ်နေသည့်အချိန်မှာပင် ဂါနာနိုင်ငံ၌ တရုတ်နိုင်ငံသားတစ်ဦးကို ကိုရိုနာဗိုင်းရပ်စ် လော့ဒေါင်းချိုးဖောက်ခြင်းကြောင့် ရဲက ဆူပူကြိမ်းမောင်းနေသည့် ဗီဒီယိုသည် အာဖရိကတွင် အားရကျေနပ်စရာအဖြစ် ပြန့်နှံ့နေခဲ့သည်။

သမ္မတ နာနာအကူဖို အက်ဒို ချမှတ်ပြဋ္ဌာန်းထားသည့် လော့ဒေါင်းကို ချိုးဖောက်ပြီး အဖော်နှင့်အတူ အပြင်ထွက်လာသည့် တရုတ်နိုင်ငံသားကို ရဲတာဝန်ရှိသူက ဒေါသတကြီး ကြိမ်းမောင်းနေသည်ကို အဆိုပါ ဗီဒီယိုတွင် မြင်တွေ့ရသည်။

၎င်း ရဲက ကိုရိုနာကပ်ဘေး ဖြစ်ပွားရခြင်းအတွက် တရုတ်နိုင်ငံအပေါ် အပြစ်တင် ပြောဆိုသည်ကိုလည်း ဂါနာအွန်လိုင်းသတင်းအရ သိရသည်။

လက်ရှိအထိ ဂါနာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်း ၁၀၄၂ ဦး ရှိပြီး ကိုးဦး သေဆုံးထားသည်။

ယခု ဗီဒီယိုသည် အက်ကရာကဲ့သို့သော မြို့ကြီးများတွင် အဝင်အထွက်ပိတ် လော့ဒေါင်းကန့်သတ်ချက်များကို သမ္မတ အကူဖိုအက်ဒိုက ဧပြီ ၂၀ ရက်က မရုပ်သိမ်းခင် ရိုက်ကူးထားသည့် ဗီဒီယိုဖြစ်ကြောင်း သိသာသည်။

ကွမ်ကျို့မြို့တွင် အာဖရိကနွယ်ဖွားများကို နေအိမ်များနှင့် ဟိုတယ်များမှ နှင်ထုတ်ကာ လမ်းများတွင် အတင်းအကျပ် အိပ်စက်စေခြင်း၊ စီးပွားရေးလုပ်ငန်းကိုင်များမှ ဖယ်ရှားခြင်းနှင့် ခရီးသွားမှတ်တမ်းမရှိသည့်ကြားမှ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးခြင်းများ လုပ်ဆောင်ခြင်း စသည့် သတင်းများ ပြီးခဲ့သည့် လက ထွက်ပေါ်ထားခြင်းကြောင့် ယခု ဗီဒီယိုသည် အာဖရိကပြည်သူများအတွက် အားရစရာ ဖြစ်နေသည်။

ကွမ်ကျို့မြို့က သတင်းများနှင့် ပတ်သက်ကာ အာဖရိကနိုင်ငံ တော်တော်များများက ပြီးခဲ့သည့် သီတင်းပတ်တွင် တရုတ်သံအမတ်ကြီးများကို သမ္မန် ဆင့်ခေါ်ခဲ့ကြသည်။ တရုတ်နိုင်ငံကမူ နိုင်ငံသားတိုင်းကို တစ်ပြေးညီ ဆက်ဆံကြောင်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly