ကိုဗစ်-၁၉ လူနာအမှတ် ၁၂၀ သည် MPT မှ ဝန်ထမ်းဟုဆို

ရန်ကုန်၊ ဧပြီ ၂၂ရက်

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှ‌ ရောဂါပိုး တွေ့ရှိသည့်  လူနာအမှတ် (၁၂၀) အမျိုးသမီးသည် မြန်မာဆက်သွယ်ရေး အော်ပရေတာ(MPT)ဝန်ထမ်း တစ်ဦးဖြစ်ကြောင်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က "Myanmar Plaza က MPT ရုံးက အရောင်းစာရေးလို့ ပြောတယ်၊ ၁၀ ရက်နေ့အထိ အလုပ်ဆင်းတယ်။ ၁၀ ရက်နေ့အထိ ဆင်းပြီးတော့ သူက အပြင်မထွက်ဘူး။ သူကဖျားတော့ ဆေးသွား ကုတာ မျိုးတော့ ရှိတယ်။ ၁၀ ရက်နေ့ပြီးကတည်းက သူက အပြင်မထွက်ဘူးဆိုတော့ ရောဂါဘယ်ကနေ ဖြစ်တာလဲ။ ဘယ်နေ့က ဖြစ်တာလဲဆိုတာ ပြန်ပြီးသုံးသပ်နေပါတယ် " ဟု ပြောသည်။

အသက် ၂၁ နှစ်အရွယ် လူနာအမှတ် (၁၂၀) သည် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ၇ ရပ်ကွက်၊ ဖျာပုံလမ်းတွင် နေထိုင်သူဖြစ်သည်။

သူသည် နေမကောင်းသဖြင့် တာမွေရှိ FEVER CLINIC ဆေးခန်းသို့ ဧပြီလ ၂၀ ရက်က သွားရောက် ပြသခဲ့သော်လည်း မသက်သာသည့်အတွက် အဖျား၊ လည်ချောင်းနာ၊ ဝမ်းလျှောရောဂါ လက္ခာ များဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာကာ ဆေးကုသမှုခံယူ ခဲ့သည်။ နောက်တစ်ရက်တွင် ဆေးစစ်မှုများအရ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်။
 
သူသည် အခြားသော ကိုဗစ်-၁၉ လူနာများနှင့် ထိတွေ့မှု မရှိသည့်အပြင် ပြည်ပသို့ ခရီးသွား ရာဇဝင် လည်း မရှိကြောင်းလည်း ကျန်းမာရေး၏ထုတ်ပြန်ချက်အရ သိရသည်။

သူ၏နေအိမ်တွင်ကျန်ရှိသော မိသားစုဝင် သုံးဦးကို လှိုင်မြို့နယ်ရှိ Quarantine စင်တာ RC2 မှ သန်လျင်ဆောင်သို့ ပို့ဆောင်ထားသည်။

ထို့အပြင် FEVER CLINIC ဆေးခန်းမှ ၎င်းနှင့်ထိတွေ့ခဲ့သူများအား စုံစမ်းနေပြီး မိသားစုဝင်များ ကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က ပြောသည်။

" အခုသူနေတဲ့ လမ်းကို lockdown လုပ်ထားပြီး၊ အခုဆေးတွေ ဖြန်းနေကြတယ်"ဟု ၎င်းက ပြောသည်။

 မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ COVID-19 ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၁၂၁ ဦးရှိကာ သေဆုံးသူ ငါးဦးနှင့် ပြန်လည်‌ ကျန်းမာ၍ ဆေးရုံမှ ဆင်းခွင့်ရသူ ကိုးဦးရှိပြီဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly