ဧပြီ ၁၉
ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်၏မိခင် သေဆုံးသည်ဆိုသော သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း သူမ၏မြေး (ဇော်ဝင်းထွဋ်၏သား) တာရာဝင်းထွဋ်က သူ၏လူမှုကွန်ယက်တွင် ရေးသားထားသည်။
တာရာဝင်းထွဋ်က “အဘွားကအိမ်မှာပါ။ ကျန်းကျန်းမာမာရှိပါတယ်။ ကျန်းမာတာမှ မနက်က ဟင်းတွေတောင် ချက်ကျွေးပြီး ငါးအရိုးတောင် လာနွှင်ပေးနေတာပါ။ အသက်က ခုမှ ၈၀ ပါနော်။ သတင်းမှားတွေ ဖွတာတွေ တော်ကြပါတော့”ဟု ရေးသားထားသည်။
အဆိုပါ သတင်းတုကို ဓနဝင်းထွန်းဆိုသည့် ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်က ပြီးခဲ့သည့် နာရီပိုင်းအတွင်းက ရေးသားခဲ့တာဖြစ်ပြီး ပြန်လည်မျှဝေသူ ထောင်ချီရှိခဲ့သည်။
အဆိုတော်ဇော်ဝင်းထွဋ်မှာ ကမာရွတ်မြို့နယ် အမရာဆောင်တွင် ဧပြီ ၁၇ ရက်နေ့ကစ၍ ကွာရန်တိုင်း စတင်ဝင်နေကြောင်း သိရသည်။
ဧပြီ ၁၉ရက်နေ့ ည ၁၁ နာရီခွဲအထိနောက်ဆုံးရသတင်းအရ မြန်မာနိုင်ငံတွင် COVID-19အတည်ပြုလူနာ ၁၁၁ ဦးဖြစ်ကာ ခုနှစ်ဦးမှာ ပြန်လည်ကောင်းမွန်လာပြီး ငါးဦး သေဆုံးသည်။