စမ်းချောင်းမြို့နယ်ရှိ COVID-19 ရောဂါစောင့်ကြည့်ခံရသူ ၆၄ဦးကို ၂၈ရက်စောင့်ကြည့်မည်

စမ်းချောင်းမြို့နယ်ရှိ COVID-19 ရောဂါစောင့်ကြည့်ခံရသူ ၆၄ဦးကို ၂၈ရက်စောင့်ကြည့်မည်

ဧပြီ ၁၃

ရန်ကုန်တိုင်းဒေသကြီးစမ်းချောင်းမြို့နယ်တွင် COVID-19ရောဂါစောင့်ကြည့်ခံရသူ ၆၄ဦးကို ၂၈ရက်တိတိ စောင့်ကြည့်သွားမှာဖြစ်တယ်လို့ စမ်းချောင်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါ်မိမိခိုင်ကပြောသည်။

လက်ရှိစောင့်ကြည့်ခံရသူများကို နေအိမ်အတွင်းစောင့်ကြည့်မှု ၇ရက်နှင့် Facility Quarantine ၂၁ရက်ဖြင့် ထားရှိသွားမှာဖြစ်ကြောင်းသိရသည်။

ဒေါ်မိမိခိုင်က “နိုင်ငံတော်အစိုးရကကြေညာထားတဲ့အတိုင်းပဲ။ ၂၁ရက်တောင်မဟုတ်ဘူး။ ၂၈ရက်တောင် စောင့်ကြည့်ရမှာ။ ၂၁ရက်နဲ့တောင်လုံလောက်တဲ့အတိုင်းအတာမဟုတ်ဘူး။ သူတို့ကပြောတာကFacility Quarantine မှာ ၂၁ရက် အိမ်မှာ၇ရက်ပြောတာလေ။ အားလုံးပေါင်း ၂၈ရက်ပါ”ဟုပြောသည်။

စမ်းချောင်းမြို့နယ်တွင် Home Quarantineနဲ့ Hotel Quarantineလုပ်ခံထားရသူ ၁၆၉ဦး ရှိခဲ့ပြီး အဲ့ဒီထဲက ၁၀၀ကျော်ဟာ၁၄ရက်ပြည့်မြောက်လို့ ပုံမှန်သွားလာနေပြီဖြစ်ကြောင်း စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးက သူ၏ဖေ့စ်ဘုတ်အကောင့်တွင်ရေးသားထားသည်။

လတ်တလောမှာလည်း COVID-19 လူနာတွေဟာ ၁၄ရက်ကျော်မှ အဖြေထွက်လာသူတွေရှိတာကြောင့် လက်ရှိ ၁၄ရက်ပြည့်သွားတဲ့သူတွေကိုလည်း စိတ်မချရကြောင်း နေအိမ်ထဲမှာပဲ ၇ရက်ထပ်နေဖို့ မှတ်သားထားသင့်ကြောင်း ဦးဘိုဘိုဦးကပြောသည်။

မြို့နယ်ကျန်းမာရေးဦးစီးမှူးဒေါ်မိမိခိုင်ကလည်း ၁၄ရက်ပြည့်တဲ့သူတွေအပေါ် “Stay at Home ဆိုတာလူတိုင်းနေရမယ်ဆိုပြီးအခုက ဒေသန္တရအမိန့် အကုန်ထုတ်ပြီး ကြေညာထားတာလေ။ အကြောင်း အမျိုးမျိုးကြောင့်ဖြစ်တဲ့ စားရေး သောက်ရေး ကျန်းမာရေးကိစ္စလောက် သာထွက်ဖို့ပြောထားတာ လေ။ အဲ့ဒါကိုမှ ထွက်နေရင်တော့ ကျွန်မတို့ လည်းမတတ်နိုင်ဘူး”ဟုပြောသည်။

လက်ရှိမြန်မာနိုင်ငံမှာ ဧပြီလ ၁၂ရက်နေ့အထိ COVID-19ရောဂါပိုးတွေ့ရှိသူဟာ ၄၁ဦးထိရှိလာပြီ ဖြစ်ပြီး သေဆုံးသူ ၄ဦးထိ ရှိလာခဲ့ပြီဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly