၂၀၁၉ အီစတာ အသေခံဗုံးခွဲမှု ကျူးလွန်သူတွေကို ခွင့်လွှတ်ပေးလိုက်ပြီလို့ သီရိလင်္ကာ ကက်သလစ်ဘုရားကျောင်း ထုတ်ပြန်

၂၀၁၉ အီစတာ အသေခံဗုံးခွဲမှု ကျူးလွန်သူတွေကို ခွင့်လွှတ်ပေးလိုက်ပြီလို့ သီရိလင်္ကာ ကက်သလစ်ဘုရားကျောင်း ထုတ်ပြန်

ဧပြီ ၁၃

သီရိလင်္ကာနိုင်ငံမှာ ယမန်နှစ် ၂၀၁၉ ခုနှစ်က လူပေါင်း ၂၇၉ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ အီစတာပွဲတော်နေ့ ဗုံးခွဲတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ ရှိခဲ့တဲ့ အသေခံဗုံးခွဲသမားတွေကို ခွင့်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ယင်းနိုင်ငံရဲ့ ရိုမန်ကက်သလစ်ဘုရားကျောင်းတော်က ဧပြီ ၁၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိကာလ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် တီဗီစတူဒီယိုတစ်ခုကနေပဲ ထုတ်လွှင့်တဲ့ အီစတာဝတ်ပြုပွဲတစ်ခုမှာ ခရစ်ယာန်ဘုန်းတော်ကြီး Malcolm Ranjith က ခုလိုပဲ ပြောသွားတာဖြစ်ပါတယ်။ “ကျွန်ုပ်တို့ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တဲ့ ရန်သူတွေကို ကျွန်ုပ်တို့ဘက်က မေတ္တာနဲ့ပဲ ပြန်တုန့်ပြန်လိုက်ပါပြီ” ဟု ခရစ်ယာန်ဘုန်းတော်ကြီး Malcolm Ranjith က ပြောသွားပါတယ်။

“သူတို့ကို ကျွန်ုပ်တို့ဘက်က ခွင့်လွှတ်ပေးခဲ့ပါပြီ”လို့ု ၎င်းက ပြောပါတယ်။ နိုင်ငံရဲ့ ကက်သလစ် လူနည်းစုအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ လက်တုန့်ပြန်ခြင်းအစား ခရစ်တော်ရဲ့ မျှော်လင့်ခြင်း မက်ဆေ့ချ်ကို အာရုံပြုခဲ့ပြီး တင်းမာမှုများကို လျှော့ချခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောသွားပါတယ်။

ယမန်နှစ် ဧပြီ ၂၁  အီစတာ တနင်္ဂနွေနေ့မှာ ဗုံးခွဲသမားတွေဟာ ဘုရားကျောင်းသုံးခုနဲ့ ဇိမ်ခံဟိုတယ်သုံးလုံးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၂၇၉ ဦး သေဆုံးပြီး ၅၉၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်က နိုင်ငံတကာ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကို စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်ခဲ့မှုအတွက် ထိုစဉ်က တာဝန်ယူခဲ့တဲ့ အစိုးရကို ရာထူးမှ ဆင်းရန် ဘုန်းတော်ကြီး Ranjith က တောင်းဆိုခဲ့ပါသေးတယ်။

ထိုစဉ်အချိန်က သမ္မတ မိုက်သရိပါလာ သီရိသေန အစိုးရဟာလည်း နိုဝင်ဘာ ရွေးကောက်ပွဲမှာ အရေးနိမ့်သွားခဲ့ပြီး သမ္မတဟောင်း မဟင်ဒါ ရာဂျာပက်ဆာရဲ့ ညီ ဂိုတာဘာယာက အာဏာရရှိထားခဲ့ပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly