ဧပြီ ၁၀
ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါအဖြစ် WHO ကကြေညာထားတဲ့ COVID-19 ကိုတွန်းလှန်ဖို့ “COVID-19 ကူညီကယ်ဆယ်ရေး အထူးအဖွဲ့” ကို ရန်ကုန်မြို့မှာ ဧပြီ ၉ ရက်နေ့က စတင် ဖွဲ့စည်းလိုက်ပါပြီ။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်တဲ့နေရာမှာ အစိုးရ၊ ကျန်းမာရေးဝန်ထမ်းတွေ အကူအညီရနိုင်ဖို့ ကူညီကယ်ဆယ်ရေးတွေကို ပူးပေါင်းလုပ်ဆောင်ပေးမှာပါ။
“အခုက COVID-19 အတွက်ကိုအထူး အဖွဲ့ဆိုပြီး ထပ်ဖွဲ့ပြီးတော့မှ ယာဉ်တွေဆိုလို့ရှိရင်လည်း အားလုံး ၁၅ စီး။ သူကရိုးရိုးလူနာတင်ယာဉ်တွေသုံးလို့မရဘူး။ အရှေ့နဲ့အနောက်ကို အလုံပိတ်တဲ့ကားတွေပေါ့ ၁၅ စီးပြင်ဆင်ထားပါတယ်” လို့ အဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းဦးကပြောပါတယ်။
ရုံးစိုက်ထားတဲ့ တာမွေ အ.ထ.က (၁) မှာ အဖွဲ့ဝင်အနေနဲ့ ၅၀ကျော်အမြဲတမ်းနေထိုင်ပြီး မြေပြင်ကွင်းဆင်း ကူညီပေးမယ့်သူကတော့ အယောက် ၅၀ ရှိနေပါတယ်။
အဲ့ဒီ ကွင်းဆင်းနေတဲ့သူတွေဟာ ရောဂါကူးစက်ခံရနိုင်တာကြောင့် ၅၀ ကို ၂၅ ယောက်စီတစ်ဖွဲ့ခွဲထားပြီး အလှည့်ကျတာဝန်ထမ်းဆောင်စေတာပါ။
“ ဒီမှာပဲနေရပါတယ်။ မပြန်ရပါဘူး။ အဲ့ဒီ ၂၅ ယောက်နဲ့ PPE ဝတ်စုံတွေဝတ်ပြီး သံသယလူနာတွေကို ဆေးရုံတွေပို့ပေးပါတယ်” လို့လည်း ကူညီကယ်ဆယ်ရေး ဒုဉက္ကဋ္ဌ ဦးမိုးငြိမ်း ကပြောပါတယ်။
“COVID-19 ကူညီကယ်ဆယ်ရေး အထူးအဖွဲ့” အနေနဲ့ COVID-19 အတည်ပြုလူနာ၊ အရေးပေါ်လူနာ၊ သံသယလူနာတွေ၊ ကွာရန်တင်း လုပ်မယ့်သူတွေကို သက်ဆိုင်ရာပို့ဆောင်ပေးရတဲ့အပြင် သေဆုံးသူတွေကိုလည်း ကူညီပို့ဆောင်ပေးရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ဟာအရင် AIDS ကပ်ဘေးတွေလိုမျိုးမဟုတ်ဘဲနဲ့ လေထဲကနေကူးစက်ပျံ့နှံ့တာဖြစ်တာကြောင့် ကယ်ဆယ်ရေးသမားတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာတင်မကဘဲ စိတ်ပိုင်းဆိုင်ရာတွေကိုပါ ကြိုပြင်ထားကြရပါတယ်။
“ ကိုယ်တွေသည် သူများအသက်ကိုကယ်တာဖြစ်တဲ့အတွက် အကယ်၍ ခြေချော်လက်ချော်ဖြစ်သွားခဲ့ရင်တောင်ဝမ်းမနည်းပါဘူး။ ကျွန်တော့်အသင်းကအဖွဲ့တွေရော ကျွန်တော့်မိသားစုရော ကျွန်တော်မှာပြီးသားပါ ” လို့ ကိုနေဝင်းစိုးကပြောပါတယ်။
အဲ့ဒီလိုကူညီတဲ့နေရာမှာ COVID-19 အတည်ပြုလူနာနဲ့ COVID-19 ကြောင့်သေဆုံးခဲ့တဲ့လူနာတွေကို အကူအညီပေးတဲ့နေရာမှာတော့ ပစ္စည်းလိုအပ်ချက် တွေရှိနေသေးတယ်လို့ ဆိုပါတယ်။
“COVID-19 ကူညီကယ်ဆယ်ရေး အထူးအဖွဲ့” ကို လွန်ခဲ့တဲ့ ၂ နှစ်လောက်က ပရဟိတအဖွဲ့ပေါင်း ၂၀၀ ကျော်နဲ့ဖွဲ့စည်းထားတဲ့ လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ ကနေပြီး အစိုးရကိုတင်ပြကာ ထပ်မံဖွဲ့စည်းခဲ့တာပါ။
အဲ့ဒီအဖွဲ့အနေနဲ့ အရေးပေါ်ကူညီတာအပြင် အသိပညာပေးတာ၊ လှူဒါန်းမှုလုပ်တာ၊ ဆေးဖြန်းတဲ့လုပ်ငန်းတွေကိုလည်း လုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်။
အရေးပေါ်ကိစ္စရပ်တွေအတွက် လူမှုကူညီကယ်ဆယ်ရေး အဖွဲ့(ရန်ကုန်) ကို ဆက်သွယ်နိုင်ရန်နဲ့ ပါဝင်ကူညီ လှူဒါန်းပေးချင်ရင် ၀၉ ၄၀၆ ၃၀၀ ၁၀၀ နဲ့ ၀၉ ၄၀၆ ၃၀၀ ၈၀၀ တို့ကိုဆက်သွယ်နိုင်တယ်လို့လည်းသိရပါတယ်။