ဧပြီ ၁
အမေရိကန်ပြည်ထောင်စု၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေမြင့်တက်လျက်ရှိရာ အလွန်ဆိုးရွားသည့် ရက်သတ္တပတ် နှစ်ပတ်ကို ရင်ဆိုင်နေရကြောင်းနှင့် COVID-19 သည် ကပ်ဆိုးတစ်ခုဖြစ်ကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ပြောဆိုလိုက်သည်။
“ဒီ သီတင်းနှစ်ပတ်က ငရဲတစ်ခုလိုပါပဲ၊ အလွန်ဆိုးရွားပါတယ်၊ သုံးပတ်ထိတောင်ဖြစ်သွားနိုင်ပါတယ်” ဟု ထရမ့်က အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲ၌ မတ်လ ၃၁ ရက်က ပြောခဲ့သည်။
လာမည့်သီတင်းပတ်နှစ်ပတ်အတွင်းတွင် အမေရိကန်၌ COVID-19 ကြောင့် လူ ၁၀၀ ၀၀၀ မှ ၂၄၀ ၀၀၀ အထိ သေဆုံးနိုင်ကြောင်း အိမ်ဖြူတော်အရာရှိများက ခန့်မှန်းပြောဆိုနေကြသည်။
အမေရိကန်သည် တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကူးစက်ခံရမှု အမြင့်ဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ ၁၈၄ ၀၀၀ ကျော် ကူးစက်ခံထားရကြောင်း Johns Hopkins တက္ကသိုလ်၏ အချက်အလက်များအရသိရသည်။
နယူးယောက်သည် ကိုရိုနာကူးစက်ပြန့်ပွားမှုဗဟိုချက်အသစ်ဖြစ်လာခဲ့ပြီး အင်္ဂါနေ့မနက်ပိုင်းအထိ ၇၅ ၇၉၅ ဦး ကူးစက်ခံထားရသည်။
နယူးယောက်အုပ်ချပ်ရေးမှူး Andrew Cuomo က “ ဒီဗိုင်းရပ်စ်ကြောင့် ကျွန်တော်တို့ အရမ်းကို ပင်ပန်းနေပါပြီ၊ ရောဂါစဖြစ်ပွားတဲ့နေ့ကတည်းကပါပဲ၊ ကျွန်တော်တို့ ဒီဗိုင်းရပ်စ်ကို လျှော့တွက်ခဲ့မိတယ်၊ သူက ထင်ထားတာ ထက်ကို အန္တရာယ်များပြီးတော့ စွမ်းအားထက်ပါတယ်” ဟု ပြောခဲ့သည်။
နယူးယောက်တစ်မြို့တည်းတွင် ကိုရိုနာကြောင့် သေဆုံးသူ ၁ ၀၀၀ ကျော်ရှိခဲ့ကြောင်း NYC Health Department အရ သိရသည်။
သေဆုံးသူများထဲတွင် လူငယ်များနည်းပါးပြီး နာတာရှည်ရောဂါအခံရှိသူ သက်ကြီးရွယ်အိုများ သေဆုံးမှုများကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။
ဆီးချိုသွေးချိုရှိသူများ၊ နာတာရှည်အဆုတ်ရောဂါရှိသူ၊ နှလုံးရောဂါနှင့် ဆေးလိပ်သောက်တတ်သူများ သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပါက အခြေအနေဆိုးရွားပြီး အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်ကြောင်း ရောဂါထိန်း ချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။