မတ် ၃၁၊ ၂၀၂၀
Voice of Myanmar သတင်းဌာန၏ အယ်ဒီတာချုပ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြည်ထဲရေးက အမှုဖွင့်လိုက်ခြင်းသည် "မဆီလျော်မအပ်စပ်သော တုန့်ပြန်မှု" ဟု မြန်မာသတင်းမီဒီယာကောင်စီက တုံ့ပြန်လိုက်သည်။
မန္တလေးအခြေစိုက် VOM ကို တည်ထောင်သူလည်းဖြစ်သော ဦးနေလင်း (ခေါ်) ဦးနေမျိုးလင်းအား တနင်္လာနေ့ည ၉ နာရီခွဲတွင် စီအိုင်ဒီရဲများက နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့ပြီး မန္တလေးတိုင်း မှုခင်းသတင်းတပ်ဖွဲ့ ဒုရဲမှူးကြီး ခင်မောင်ဝင်းက အမှတ် (၁၀) ရဲစခန်းတွင် တရားလိုပြုလုပ်ကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၀)က၊ (၅၂) က တို့ဖြင့် အမှုဖွင့်ခဲ့သည်။
"ယနေ့ကဲ့သို့ ကပ်ရောဂါဖြစ်ပွားနေချိန်တွင် သတင်းတု သတင်းမှားများကို တရားဝင်သတင်းဌာနများနှင့် ပူးပေါင်းတိုက်ဖျက်ရမည့်အစား ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် မသင့်လျော်သကဲ့သို့ ဒီမိုကရေစီအသွင်ကူးပြောင်း ကာလမျိုးနှင့် မဆီလျော်မအပ်စပ်သော တုန့်ပြန်မှုဟု ကောင်စီက ရှု့မြင်ပါသည်။" ဟု သတင်းမီဒီယာကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာသတင်းမီဒီယာကောင်စီမှ အတွင်းရေးမှူး ကိုကျော်စွာမင်းက "ကျွန်တော်တို့ သတင်းမီဒီယာဥပဒေမဟုတ်ပဲနဲ့ တခြားဥပဒေတွေနဲ့ စွဲနေတာကတော့ လက်မခံဘူးပေါ့နော်။ အခုပိုင်းမှာက သတင်းသမားတွေကို သတင်း မီဒီယာ ဥပဒေမဟုတ်ပဲနဲ့ တခြားဥပဒေတွေနဲ့ အရေးယူနေတာ ဒါကတော့ မှန်ကန်မှုမရှိဘူးပေါ့"ဟု ပြောသည်။
VOM က မတ်လ ၂၇ရက်နေ့က "ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကတော့ ရပ်တန့်သွားပြီ"ခေါင်းစဉ်ဖြင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနှင့်ဆက်သွယ်မေးမြန်း သတင်းရေးသားဖော်ပြမှုဖြင့်ချုပ်မိန့်ရမာန်တောင်းခံခဲ့ကြောင်းချမ်းမြသာစည်မြို့နယ် တရားသူကြီး ဦးကျော်စွာလင်းက သတင်းထောက်များကို ပြောသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)သည် အနည်းဆုံး ထောင်ဒဏ် ၁၀နှစ်မှ တစ်သက်တစ်ကျွန်း ထိ ချမှတ်နိုင်ပြီး ၅၂(က)သည် အနည်းဆုံး ထောင်ဒဏ် သုံးနှစ်မှ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။
ယခုအမှုကို ဧပြီ ၉ ရက်နေ့တွင် ချမ်းမြသာစည်တရားရုံးတွင် ရုံးချိန်းချိန်းဆိုထားသည်။
ဦးနေလင်းသည် ဘီဘီစီမြန်မာဌာန၏ အိန္ဒိယနိုင်ငံ နယူးဒေလီအခြေစိုက် သတင်းထောက်အဖြစ် နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ပြီးနောက် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် မြန်မာပြည်ကို ပြန်လာခဲ့သည်။
ထို့နောက် ဘီဘီစီတွင် မန္တလေးအခြေစိုက်သတင်းထောက်အဖြစ် ၂၀၁၈ ခုနှစ်အထိ လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်းတွင် VOM ကို ထူထောင်သည်။