ရန်ကုန်၊မတ်လ ၂၆
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ ညီနောင် အသင်းများဖြစ်ကြသည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အပါအဝင် ဆီကုန်သည်များအသင်းနှင့် လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီတို့ဖြင့် ပူးပေါင်း၍ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက အခြေခံ စားသောက်ကုန်ပစ္စည်းများကို ပြင်ပ စျေးနှုန်းထက် ပိုမိုသက်သာသည့် နှုန်းထားဖြင့် ရောင်းချပေးနေသည်။
အဆိုပါ အခြေခံ စားသောက်ကုန်ပစ္စည်းများကို မြန်မာနိုင်ငံဆန်စပါးကုန်သည်အသင်း၊ မြန်မာနိုင်ငံ ဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင်းများအသင်းနှင့် လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီတို့ ပူးပေါင်းကာ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံးရှေ့တွင် လှိုင်သာယာမြို႔နေ ပြည်သူများထံ ရောင်းချပေးနေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင် ဆန်စပါးအသင်းများမှ ဆန် တစ်ပြည်လျှင် ၁၀၀၀ ကျပ်၊ ဆီ တစ်ဗူးလျှင် ၁၀၀၀ ကျပ်၊ ဆားတစ်အိတ်လျှင် ၁၀၀ ကျပ်၊ ဆန် ငါးပြည်အိတ် တစ်အိတ်လျှင် ၅၀၀၀ ကျပ်၊ ဆန် ၂၄ ပြည်ခွဲ တစ်အိတ်လျှင် ၂၄၅၀၀ ကျပ် စသည့် စျေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဤရောင်းချမှု အစီအစဉ်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင် ဆန်စပါးအသင်းတို့မှ ဆန် ငါးပြည် အိတ် ၂၀၀၀ ၊ ၂၄ပြည်ခွဲ ဆန်အိတ် ၂၀၀၊ ပဲဆီ(၅ဝကျပ်သား) ဗူး ၁၀၀၀ နှင့် ဆား(၃၅ကျပ်သား) အိတ် ၁၀၀၀ တို့ကို ပါဝင် ရောင်းချပေးခဲ့ကြောင်း သိရသည်။