မတ် ၂၆
အနောက်အာဖရိကနိုင်ငံတွေဖြစ်တဲ့ ဆီနီဂေါနဲ့ အိုက်ဗရီကို့စ်တို့ဟာ COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တဲ့အနေနဲ့ မတ်လ ၂၃ ရက်က နိုင်ငံ့ အရေးပေါ်အခြေအနေတစ်ရပ်ကို အသီးသီး ကြေညာလိုက်ကြပါတယ်။
ဆီနီဂေါနိုင်ငံမှာ ညမထွက်ရအမိန့်ထုတ်ပြန်သွားမှာဖြစ်သလို အိုက်ဗရီကို့စ်ကလည်း ကန့်သတ်မှုတွေ တဖြည်းဖြည်းချင်း လုပ်ဆောင်တော့မယ်လို့ ပြောပါတယ်။
“ဗိုင်းရပ်စ်ကူးစက်မှုက လျင်မြန်နေတဲ့အတွက် ကျွန်တော်တို့ တုံ့ပြန်မှုအရှိန်မြှင့်တင်ဖို့ လိုအပ်ပါတယ်” လို့ ဆီနီဂေါသမ္မတ Macky Sall က ရုပ်မြင်သံကြားကနေတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အိုက်ဗရီကို့စ်သမ္မတ Alassane Quattara က နိုင်ငံတွင်းမှာ ဗိုင်းရပ်စ်ကူးစက်မှု များပြားလာတာကြောင့် ပြဋ္ဌာန်းပြီးသားစည်းကမ်းချက်တွေကို ပိုမိုခိုင်မာစေဖို့ နိုင်ငံတစ်ဝှမ်းအရေးပေါ်အခြေအနေ ကြေညာရတာဖြစ်တယ်လို့ ပြောပါတယ်။
COVID-19 ကူးစက်သူ ၁၀၀ ကျော်ရှိတဲ့ နိုင်ငံတွေက ကိုယ့်နိုင်ငံသားမဟုတ်သူတွေကို ပြည်ဝင်ခွင့် ဆိုင်းငံ့ထားမှာဖြစ်ပြီး မူကြိုကျောင်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေကိုလည်း တစ်လ ပိတ်ထားမယ်လို့ Alassane Quattara ကပြောပါတယ်။
ဒါ့အပြင် သံသယရှိသူနဲ့ ကူးစက်ခံလူနာတွေနဲ့ထိတွေ့ဆက်ဆံခဲ့သူတွေကိုလည်း ကန့်သတ်စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။
ဆီနီဂေါနိုင်ငံမှာ COVID-19 ကူးစက်သူ ၉၉ ဦးနဲ့ အိုက်ဗရီကို့စ်မှာ ကူးစက်ခံရသူ အယောက် ၈၀ ရှိကာ သေဆုံးသူတော့ မရှိသေးပါဘူး။