ဝါရှင်တန်၊ မတ် ၂၆
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေရှိခဲ့တဲ့ နိုင်ငံသားတွေ၊ ဆေးရုံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ကူညီကယ်ဆယ်ရေးထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၂) ထရီလီယံ ပေးမယ့် ဥပဒေကြမ်းကို အထက်လွှတ်တော်မှာ မတ်လ ၂၅ ရက်က အတည်ပြုလိုက်ပါတယ်။ အဲဒီအဆိုပြုချက်ကို ကန့်ကွက်သူမရှိဘဲ ထောက်ခံမဲ ၉၆ မဲနဲ့ အတည်ပြုနိုင်ခဲ့တာဖြစ်တယ်လို့ အထက်လွှတ်တော်အမတ် John Boozman ကပြောပါတယ်။
အထက်လွှတ်တော်က မဲခွဲအတည်ပြုလိုက်တဲ့ အဆိုပြုချက်ကို အောက်လွှတ်တော်မှာ လာမယ့်သောကြာနေ့ ထပ်မံအတည်ပြုချက်ရယူရမှာဖြစ်ပြီး သမ္မတဒေါ်နယ်ထရမ့်ဆီ ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။
အမေရိကန်သမိုင်းမှာ အကြီးမားဆုံးထောက်ပံ့ရေးအစီအစဉ်တစ်ခုဖြစ်ပြီး ရီပတ်ဘလစ်ကန်၊ ဒီမိုကရက်နဲ့ အိမ်ဖြူတော်အကြား အပြင်းအထန် ဒူးတိုက်ဆွေးနွေးခဲ့ကြရတာလည်း ဖြစ်ပါတယ်။
COVID-19 ကြောင့် အထိနာခဲ့တဲ့ အခွန်ထမ်းနိုင်ငံသား သန်းပေါင်းများစွာကို ငွေသားတိုက်ရိုက် ထောက်ပံ့သွားမှာဖြစ်ပြီး ပျမ်းမျှမိသားစုဝင် (၄) ဦးရှိသူတွေအတွက် အမေရိကန်ဒေါ်လာ ၃၄၀၀ ထိ ကူညီပေးအပ်သွားမယ်လို့ ဆိုပါတယ်။
လေကြောင်းလိုင်းနဲ့ သူတို့ရဲ့ဝန်ထမ်းတွေ အတွက် အမေရိကန်ဒေါ်လာ (၅၀) ဘီလီယံ အပါအဝင် အသေးစားစီးပွားရေးနဲ့ အဓိကစက်မှုလုပ်ငန်းတွေကို ထောက်ပံ့ငွေနဲ့ချေးငွေပေါင်း အမေရိကန်ဒေါ်လာ (၅၀၀) ဘီလီယံ ထိပေးသွားမှာပါ။
ဆေးဘက်ဆိုင်ရာပစ္စည်းတွေဝယ်ဖို့ နဲ့ အလုပ်လက်မဲ့ဖြစ်သွားသူတွေကိုလည်း ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ မတ်လ ၂၆ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၁၀၃၂) ဦးရှိပြီး ကူးစက်ခံရသူ (၆၈ ၀၀၀) ရှိပါတယ်။