ပါကစ္စတန်တွင် ဆန္ဒမဲပေးစဉ်အတွင်း ပါတီများ အပြန်အလှန်ပစ်ခတ်သောကြောင့် လူ၁၁ဦးသေဆုံး

ပါကစ္စတန်တွင် ဆန္ဒမဲပေးစဉ်အတွင်း ပါတီများ အပြန်အလှန်ပစ်ခတ်သောကြောင့် လူ၁၁ဦးသေဆုံး

အစိုးရ၏ သက်တမ်းဝက် ဆန္ဒခံယူပွဲဟု ယူဆကြသည့် ဒေသန္တရရွေးကောက်ပွဲများကို ပါကစ္စတန်နိုင်ငံသားများ မဲပေးနေကြစဉ် အောက်တိုဘာလ ၃၁ရက်နေ့က ပြိုင်ဘက်နိုင်ငံရေးပါတီများ အပြန်အလှန်ပစ်ခတ်ကြရာ လူ ၁၁ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။

အလယ်ပိုင်း ပန်ဂျပ်ပြည်နယ်နှင့်အတူ ဆန္ဒမဲပေးပွဲ ကျင်းပနေရာ တောင်ပိုင်း ဆင်းပြည်နယ်၏ ခါပူခရိုင်တွင် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ခြင်းပင် ဖြစ်သည်။ မည်သည့်ပါတီများ၏ လက်ချက်ဖြစ်သည်ကိုမူ ကွဲကွဲပြားပြား မသိရသေးပေ။

‘အုပ်စုနှစ်စုက အပြန်အလှန်ပစ်ခတ်ကြတော့ ပြည်သူ ၁၁ဦး သေဆုံးခဲ့ရတယ်’ဟု ရဲတပ်ဖွဲ့ ဒုစုံစမ်းရေးမှူးချုပ် ကမ်ရန် ဖာဇယ်က ရိုက်တာသို့ ပြောကြားခဲ့သည်။

နိုင်ငံတကာ ခရစ်ကတ်ကြယ်ပွင့်မှ နိုင်ငံရေးသမားဖြစ်လာသူ အင်မရန် ခန်းခေါင်းဆောင်သည့် အတိုက်အခံပါတီက ဆန္ဒမဲပေးပွဲများက လာမည့် အထွေထွေရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် နာဝပ် ရှရစ်၏ ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ် နာဝပ်(PMLN)ပါတီကို စိန်ခေါ်နိုင်သည့် အမျိုးသားညွှန့်ပေါင်းအဖွဲ့တစ်ရပ်ကို ကူညီထူထောင်နိုင်လိမ့်မည်ဟု မျှော်လင့်နေသည်။  

ပါကစ္စတန်၏ အခြားပြည်နယ်နှစ်ခုတွင်လည်း လပေါင်းအတန်ကြာက ဆန္ဒမဲပေးပွဲများ အသီးသီးပြုလုပ်ခဲ့ကြသည်။ အနောက်မြောက်ပိုင်း ခိုင်ဘာ ပက်ခတွန်းခွာတွင် ခန်းက အနိုင်ရပြီး လူနေကြဲပါးသည့် အနောက်ပိုင်း ဘာလူချီစတန်ပြည်နယ်တွင် ရှရစ်၏ ပါတီနှင့် ၎င်း၏ ညွှန့်ပေါင်းဖွဲ့ဖက်များက အနိုင်ရခဲ့သည်။

လေ့လာစောင့်ကြည့်သူများက ပန်ဂျပ်ပြည်နယ်မှ ဆန္ဒမဲပေးပွဲများကို အနီးကပ် စောင့်ကြည့်ခဲ့ကြသည်။ ပန်ဂျပ်ပြည်နယ်မှာ ပါကစ္စတန်၏ အချမ်းသာဆုံးနှင့် လူနေအထူထပ်ဆုံးပြည်နယ်ဖြစ်ပြီး ရှရစ်၏ အာဏာအခြေခံလည်းဖြစ်သည်။ ရှရစ်မှာ ၂၀၁၃ခုနှစ်က ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရပြီး အာဏာရလာခဲ့ရာ အမာခံပြည်နယ်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly