ဒါကာ၊ မတ် ၁၉။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ Covid-19 ကြောင့် ပထမဆုံးလူသေဆုံးမှုဖြစ်ပွားခဲ့တဲ့အတွက် ဗိုင်းရပ်စ်ကို ပထုတ်တဲ့အနေနဲ့ မတ်လ ၁၈ ရက်က သောင်းနဲ့ချီတဲ့ပြည်သူတွေ စုဝေးပြီး ဆုတောင်းပွဲပြု လုပ်ခဲ့ကြပါတယ်။
နိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ကင်းစင်စေဖို့ရည်ရွယ်ပြီး မွတ်စလင် ၂၅၀၀၀ လောက်က ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း ရိုင်ပါမြို့က ကွင်းပြင်မှာ ကိုရမ်ကျမ်းစာထဲက အနာရောဂါပျောက်ကင်းစေတဲ့စာပိုဒ်ကို ရွတ်ဆိုခဲ့ကြတာ ဖြစ်တယ်လို့ ဒေသခံရဲတစ်ဦးကပြောပါတယ်။
ပွဲစီစဉ်သူတွေဟာ အာဏာပိုင်တွေဆီ ခွင့်ပြုချက်မတောင်းခံခဲ့ဘဲ ဆုတောင်းပွဲကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
ဆုတောင်းပွဲကျင်းပတဲ့ဓာတ်ပုံတွေဟာ လူမှုမီဒီယာမှာပျံ့နှံ့ခဲ့ပြီး လူစုလူဝေးနဲ့ ကျင်းပခဲ့လို့ အင်တာနက်အသုံးပြုသူတွေက ပြစ်တင်ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။
ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုကာကွယ်တဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ကျောင်းတွေပိတ်ထားပြီးဖြစ်သလို လူစုလူဝေးတွေမလုပ်ကြဖို့ အာဏာပိုင်တွေက တိုက်တွန်းသတိပေးထားတာပါ။
အာဏာပိုင်တွေက လူထူထပ်တဲ့နေရာတွေကို ရှောင်ဖို့ ပြောထားပေမယ့် အတော်များများက လူစည်ကားတဲ့နေရာတွေဆီ သွားလာနေကြပါတယ်။
ကော့ဘဇားမှာရှိတဲ့ အပန်းဖြေကမ်းခြေတစ်ခုအပါအဝင် ကမ်းခြေနှစ်ခုကို ပိတ်သွားမှာဖြစ်တယ်လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။
လူဦးရေ ၁၆၈ သန်းခန့်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာကူးစက်ခံရသူ ၁၄ ဦးတွေ့ရှိထားပြီး စမ်းသပ်စစ်ဆေးမှုတွေ လုံလုံလောက်လောက်မလုပ်ဆောင်ခဲ့တာကို ဆေးပညာရှင်တွေက စိုးရိမ်နေကြပါတယ်။