မတ် ၁၇။ ။ ISIS အကြမ်းဖက်အဖွဲ့သည် ၎င်းတို့၏နောက်လိုက်များအား ဥရောပရှိ အဓိကမြို့ကြီးများကို ပစ်မှတ်ထားတိုက်ခိုက်ရန် နှစ်ပေါင်းများစွာ အားပေးအားမြှောက်ပြုခဲ့ပြီး ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ကပ် ရောဂါကြောင့် ဥရောပသို့ အကြမ်းဖက်တိုက်ခိုက်မှုများ သွားမလုပ်ကြရန် ညွှန်ကြားထားသည်။
ဥရောပ၌ရောက်ရှိနေသော ဂျီဟတ်အဖွဲ့ဝင်များ ဖျားနာမှုရှိပါက ထိုနေရာ၌ ဆက်နေသင့်ကြောင်း ISIS အဖွဲ့၏ al-Naba သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကျန်းမာရေးကောင်းသူများကိုလည်း ရောဂါကူးစက်ခံရသည့်ဒေသများသို့မဝင်ရောက်ကြရန်နှင့် ကူးစက်ခံရသူများလည်း ရောက်ရာနေရာမှ မထွက်ခွါသင့်ကြောင်းလည်း အကြံပြုထားသည်။
ယခုကြုံနေရသော ရောဂန္တရကပ်သည် ဘုရားသခင်၏အလိုတော်အရ ပြစ်ဒဏ်ချမှတ်ခံရခြင်းသာဖြစ်ကြောင်း ၎င်းတို့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မတ်လ ၁၇ ရက်နေ့ထိစာရင်းအရ ISIS အဖွဲ့ဝင်အများဆုံးရှိရာ အီရတ်၌ Covid-19 ကူးစက်ခံရသူ ၁၃၃ ဦးရှိပြီး ၁၀ ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း ရောဂါကူးစက်ပျံ့နှံ့မှုကို ခြေရာခံသုတေသနပြုနေသည့် Johns Hopkins University ကပြောသည်။