ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ကလေးတစ်ယောက်ရဲ့ဖခင်ဖြစ်လာပြီဆိုရင် အရင်ကထက် အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့တာဝန်ကပိုကြီးလာပြီ။ လူဖြစ်ပြီကွ လို့ပျော်နေရုံနဲ့မပြီးသေးပါဘူး။ အရင်လိုပေါ့ပေါ့ပါးပါးနေတာတွေ၊ အပေါင်းအသင်းတွေ နဲ့အသွားအလာများတာတွေလျှော့ပြီး ကိုယ့်ရဲ့မိသားစုကို ပိုဂရုစိုက်ရပါမယ်။ မိသားစုဝင်အသစ်လေးကို ကြိုဆိုရမယ်လေ။
ကိုယ့်ရင်သွေးလေးကို ဇနီးဖြစ်သူက ကိုးလလွယ်ပြီးမွေးပေးခဲ့ပြီဆိုတော့ ဖခင်ဖြစ်တဲ့ကိုယ်ကလည်း ကူညီစောင့်ရှောက်ပေးမှ မိသားစုလေးပျော်စရာကောင်းမှာပါ။ မွေးဖွားလာတဲ့အချိန်ကစပြီး ကြီးပြင်းတဲ့အချိန်အထိ ကလေးရဲ့ဖွံ့ဖြိုးမှု၊အသိဉာဏ်ပညာနဲ့ အရည်အချင်း စတာတွေအတွက်က မိဘနှစ်ဦးစလုံးမှာ တာဝန်ရှိပါတယ်။ ယောကျာ်းကစီးပွားရှာ၊ မိန်းမက အိမ်ထောင့်ကိစ္စ၊ကလေးကိစ္စအကုန်တာဝန်ယူရမယ်ဆိုပြီး တာဝန်ခွဲ ဝေသတ်မှတ်ထားတဲ့အတွေးအခါ်မျိုးက မိသားစုစိတ်ဓါတ်အပြည့်အဝမပေးနိုင်ပါဘူး။ သူ့တာဝန် ကိုယ့်တာဝန်မခွဲဘဲ ချစ်ခြင်းမေတ္တာနဲ့သာ ကိုယ့်မိသားစုကိုစောင့်ရှောက်မှ လူအများပြောပြောနေကြတဲ့ သီရိဂေဟာ လေးဖြစ်လာမှာပါ။
ဒီလိုပြောလို့ အိမ်ထောင်ဦးစီးက အိမ်ကိစ္စတွေအမြဲဝင်လုပ်နေရမှာလို့ ဆိုလိုတာမဟုတ်ဘူးနော်။ အလုပ်အရမ်းရှုပ်နေတဲ့အချိန်တွေကလွဲလို့ မိသားစုကို အချိန်ပေးပြီးနွေးနွေးထွေးထွေးချစ်ခင်စောင့်ရှောက်ပေးဖို့ပဲလိုတာပါ။ ကလေးရဲ့ဝေယျာဝစ္စတွေမှာ ဇနီးကိုဝင်ကူညီပေးတာကလည်း ကလေးနဲ့ကိုယ်နဲ့ကြားက ရင်းနှီးမှုက အမေဖြစ်သူထက် မလျော့တော့ဘူးပေါ့။ ဥပမာ ဇနီးက အဝတ်လျှော်နေချိန် ကလေးကူထိန်းပေးတာ၊ချော့မြှူပေးတာမျိုး၊ ကလေးသိပ်ပေးတာမျိုး၊ ကလေးသေးဝတ်လဲပေးတာမျိုးတွေဖြစ်ပါတယ်။
ကလေးရှိတဲ့ဖေဖေတို့ သိထားသင့်တဲ့အချက်လေးတွေကိုအောက်မှာ အကြံပြုထားတယ်နော် –
(၁) အစကတည်းက ကလေးဝေယျာဝစ္စတွေဝင်ကူပေးပါ
အနှီးလဲပေးတာ၊ ချော့မြှူပေးတာ၊ ရေချိုးပေးတာ၊ ကလေးသိပ်တာ စတဲ့ ကလေးရဲ့တစ်နေ့တာဝေယျာဝစ္စတွေမှာ အချိန်ရတာနဲ့ တတ်နိုင်သလောက်ဝင်လုပ်ပေးပါ။ ကလေးငယ်လေးနဲ့ပတ်သက်ရင် လုပ်စရာတွေက တစ်ခုပြီး တစ်ခုများလွန်းတာကြောင့် တစ်နေ့နည်းနည်းပဲ ဝင်ကူဦးတော့ ကလေးနဲ့ဖခင်ကြားက ရင်းနှီးမှုက ခိုင်မာနီးကပ်လာစေမှာပါ။ တခါတလေ စကားစပြောချိန်မှာဖေဖေလို့ အရင်ဆုံးခေါ်တတ်လာတာ မျိုးတောင်ရှိပါတယ်။ နောက်တစ်ချက်က အလုပ်များပြီးပင်ပန်းနေတဲ့ ကလေးရဲ့မေမေ၊ သင့်ရဲ့ချစ်ဇနီးလည်း နည်းနည်းအနားရတာပေါ့။
(၂) ကိုယ့်ကလေးရဲ့အထာကို နားလည်အောင် လေ့လာပါ
ကလေးတွေက စကားမပြောတတ်သေးတော့ခြေဟန်လက်ဟန်၊ မျက်နှာအမူအရာလေးတွေနဲ့ သူတို့လိုတာကိုတောင်းဆိုတတ်တယ်၊ သင်္ကေတပြတတ်ပါတယ်။ အထာပေးတဲ့မျက်နှာလေးပေါ့။ဥပမာ ပက်လက်လေးအိပ်နေ ရာကနေမေမေခေါ်ပါ၊ ဖေဖေခေါ်ပါဆိုပြီး ချီခိုင်းချင်ရင် ခါးလေးကော့၊ လက်လေးကမ်းပြီး မခို့တရို့ချစ်စရာမျက်နှာပေးနဲ့ အသနားခံတတ်ကြပါတယ်။ တချို့ကတော့ လိုချင်တာကို ငိုပြီးတောင်းဆိုတတ်ပါတယ်။ ကလေးရဲ့အထာကိုသေချာနားလည်ပြီဆိုရင် ထိန်းရ၊ချော့ရတာလွယ်ကူသွားပါလိမ့်မယ်။
(၃) ကလေးနဲ့ထိတွေ့မှုရှိပါ
ကလေးနဲ့ ရင်းရင်းနှီးနှီးထိတွေ့မှုရှိပေးတာက ကလေးရဲ့စိတ်မှာလုံခြုံစိတ်ချမှုခံစားရစေတဲ့အပြင် ဖခင်အပေါ်ယုံကြည်မှုနဲ့ရင်းနှီးချစ်ခင်စိတ် တိုးစေပါတယ်။ မိခင်၊ဖခင်တွေနဲ့ ဒီလိုမျိုးနှောင်ဖွဲ့တဲ့သံယောဇဉ်က ကလေးရဲ့ဦး နှောက်ဖွံ့ဖြိုးမှုကိုလည်း နှိုးဆွအားပေးပါတယ်။ ကလေးကိုပွေ့ချီပေး၊ နမ်းရှုံ့ပေးပါ၊ ကြင်ကြင်နာနာပွေ့ချီထားရင်းနဲ့ ရင်ဘတ်ချင်းနီးကပ်အောင်ကြိုးစားရမှာပါ။
(၄) မကြာခဏ ကလေးနဲ့စကားပြောပေးပါ
အူး၊အဲ၊ဂါး၊ဂဲ နဲ့ သူ့ဘာသာစကားနဲ့သူပြောနေချိန်မှာလည်း ကိုယ်ကသူ့ကိုစကားပြောပေးပါ။ ချီထားရင်းနဲ့မြင်ကွင်းရှေ့ကအရာတစ်ခုခု အကြောင်းပြောပြပေးတာမျိုး၊ ဘာအကြောင်းပဲဖြစ်ဖြစ် စကားပြောပေးပါ။ နားလည်တာမလည်တာ အသာထား၊ သူကငြိမ်ပြီးနားထောင်ပေးမှာပါ။ “ သားရေ ဟိုမှာကြည့်စမ်း မီးညောင်လေးပါလား။ မီးညောင်လေးက ဘယ်လိုအော်လဲသိလား။ ညောင် လို့အော်တယ်။ သားသိလား ဘယ်လိုအော်လဲ” စသည်ဖြင့် သူမသိသေးတဲ့ အရာတွေ၊ အခေါ်အဝေါ်လေးတွေပါ ထည့်ပြောပေးရင် တဖြည်းဖြည်း မှတ်သားပြီး စကားပြောတတ်တာပိုမြန်စေပါလိမ့်မယ်။ ကလေးရဲ့နားမှာ စကားလုံးတစ်လုံးကြားရတိုင်း ဝေါဟာရအ သစ်တစ်ခုတိုးနေတာဖြစ်ပြီး ဖခင်နဲ့ရင်းနှီးမှုကလည်း ပိုလာမှာပါ။ ပုံပြင်ပြောပြတာ၊ စာအုပ်ဖတ်ပြတာ၊ သီချင်းဆိုပြတာလည်းကောင်းပါတယ်။
(၅) ဗဟုသုတ ကိုယ့်ဘာသာရှာဖွေလေ့လာပါ။
ဖခင်အသစ်စက်စက်တစ်ယောက်အဖြစ်နဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ စိတ်လှုပ်ရှားနေရတယ်ဆိုရင် သိပ်မစိုးရိမ်ပါနဲ့။ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ စာအုပ်တွေရှာဝယ်တာ၊ အင်တာနက်မှာရှာဖွေလေ့လာတာ၊ သားသမီးရှိတဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့မေးမြန်းဆွေးနွေးတာတွေကနေ ကလေးစောင့်ရှောက်နည်းဗဟုသုတတွေလေ့လာနိုင်ပါတယ်။ အကောင်းဆုံးကတော့ ကလေးအကြောင်းသိချင်ရင် ကလေးအနားမှာ များများနေ ပေးပါ။
(၆) အကူအညီယူပါ၊ အကူအညီတောင်းပါ
ဘာကူညီပေးရမလဲလို့မေးတဲ့သူရှိရင်၊ ကိုယ်က ကလေးနဲ့တိုင်ပတ်နေချိန်ဖြစ်ရင် အကူအညီလက်ခံလိုက်ပါ။ ကိုယ်ထိန်းရမယ့်အလှည့်မှာ ကလေးကိုလုပ်ပေးရအဆင်မပြေတာရှိရင် မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ အိမ်နီးချင်းတွေဆီက အကူအညီကိုလက်ခံလိုက်ပါ။ ဥပမာ ကလေးကဝမ်းသွားထားတဲ့အခါ မသန့်စင်ပေးတတ်၊ အဝတ်မလဲပေးတတ်သေးတာမျိုး။ ကိုယ်မသိဘဲ လုပ်လိုက်တဲ့ကိစ္စက
ကလေးအတွက်အဆင်မပြေဖြစ်စေနိုင်တာကြောင့် လိုအပ်ရင် အတွေ့အကြုံရှိသူတွေကို အကူအညီတောင်းပါ။ မေးမြန်းပါ။ အနည်းဆုံးတော့ ဖုန်းတစ်ချက်ဆက်မေးရင်တောင် ရပါတယ်။