မတ် ၁၅။ ။ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်လည် သက်သာကျန်းမာလာကြသူများသည် အဆုတ်စွမ်းဆောင်ရည်ပိုင်းတွင် အတိုင်းအတာတစ်ခုအားဖြင့် အားနည်းသွားနိုင်သည်ကို ဟောင်ကောင်ဆရာ ဝန်များက လေ့လာတွေ့ရှိခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်သက်သာလာသူတစ်ချို့သည် လမ်းအမြန်လျှောက်ချိန်တွင် ပင့်သက်ရှိုက်ကာ ဟောဟဲလိုက်နေသည်ကို လေ့လာတွေ့ရှိခဲ့သည်ဟု အဆိုပါ ဆရာဝန်များက ပြောသည်။
COVID-19 ကနေ အပြည့်အဝ ပြန်သက်သာလာပြီး ဆေးရုံကနေ ဆင်းခွင့်ရခဲ့သည့် ပထမအသုတ်လူနာအစုအဖွဲ့တစ်ခုကို လေ့လာခဲ့ပြီးနောက် ဟောင်ကောင် ဆေးရုံ အာဏာပိုင်အဖွဲ့က ယခု လေ့လာတွေ့ရှိချက်များကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
အဆိုပါ အစုအဖွဲ့၏ လူ ၁၂ ဦးအနက် နှစ်ဦး မှ သုံးဦးလောက်သည် ၎င်းတို့၏ အဆုတ်စွမ်းဆောင်နိုင်အားပိုင်းတွင် အပြောင်းအလဲများ ဖြစ်ကာ ကျန်ရစ်ခဲ့သည်ကို လေ့လာတွေ့ရှိခဲ့သည်ဟု သိရသည်။
“ သူတို့ လမ်းအမြန် လျှောက်တဲ့အခါမှာ ဟောဟဲလိုက်တာကိုလည်း တွေ့ရှိခဲ့ပါတယ်” ဟု ဟောင်ကောင် ဆေးရုံ အာဏာပိုင်အဖွဲ့၏ ကူးစက်ရောဂါ ကာကွယ်ရေးစင်တာမှ ဆေးဘက်ဆိုင်ရာ ဒါရိုက်တာ ဒေါက်တာ အိုဝင် ဆန် တက်ခ်ယင်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့ကြောင်း South China Morning Post က ဖော်ပြသည်။
“ လူနာတစ်ချို့ဆိုရင် COVID-19 ကနေ အပြည့်အဝ ပြန်သက်သာလာပြီးနောက် သူတို့ရဲ့ အဆုတ်လုပ်ဆောင်မှုပိုင်းမှာ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းအားနည်းသွားကောင်း သွားနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
ကိုရိုနာဗိုင်းရပ်စ် ရောဂါ၏ ရေရှည် အကျိုးဆက်များကို ဖော်ထုတ်နိုင်ရန် စောလွန်းနေသော်ငြားလည်း ယခု လူနာကိုးဦး၏ အဆုတ်များကို ဓာတ်မှန်ရိုက်ကြည့်ခဲ့ရာတွင် မှန်အနောက်နှင့် တူညီတဲ့ ပုံစံများကို တွေ့ရှိခဲ့ကြောင်း၊ ယင်းက ကိုယ်တွင်းအင်္ဂါထိခိုက်ပျက်စီးမှု ရှိသည်ကို ပြသနေကြောင်း ဒေါက်တာ အိုဝင် ဆန် တက်ခ်ယင်က ပြောသွားခဲ့သည်ဟု သိရသည်။