မြိတ်၊ မတ် (၁၂)။ ။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ရှိ မြို့နယ် လေးမြို့နယ်မှ ၂၀၁၉- ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၁၂ ရက်အထိ ဖြေဆိုလျက် ရှိရာမှ ၂ ရက်အတွင်း ဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသူ/သား ၉၀၀ ကျော် ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)
ခရိုင်အတွင်း မြိတ်၊ ပုလော၊ ကျွန်းစုနှင့် တနင်္သာရီ မြို့နယ်တို့မှ ဖြေဆိုရန် ကျောင်းသူ/သား စုစုပေါင်း ၁၃၈၁၄ ဦး ရှိပြီး၊ ဖြေဆိုရန် ရောက်ရှိသူ ၁၂၉၀၁ ဦးရှိကာ ပျက်ကွက်သူ ၉၁၃ ဦး ရှိကြောင်း မြိတ်ခရိုင် ပညာရေးမှူးရုံးထံမှ သိရသည်။
မြိတ်ခရိုင် ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဦးမြင့်သန်းက “ဒီနှစ်က တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ ဦးရေ ၁၀၀၀ ကျော် တိုးလာပါတယ်၊ နောက်ပြီး ခရိုင်ထဲမှာ ကျွန်းစုမြို့နယ်က ဖြေဆိုသူ မသန်စွမ်း ကျောင်းသား တစ်ဦးရှိတယ်။မြိတ် ခရိုင်ထဲမှာ မြို့နယ် ၄ ခုမှာ စာမေးပွဲ လာရောက် မဖြေဆိုသူ ၉၁၃ ဦးရှိပါတယ်”ဟု ပြောသည်။
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)
ခရိုင်အတွင်း စာစစ်ဌာန အရေအတွက် ၂၄ ခု၊ စာရင်းရှိ ကျား ၄၉၉၃ ဦး၊ မ ၈၈၂၁ ဦး၊ စုစုပေါင်း ၁၃၈၁၄ ဦး ရှိရာ စာမေးပွဲ ဖြေဆိုသူများအနက် ကျား ၄၅၄၂ ဦး၊ မ ၈၃၅၉ ဦး စုစုပေါင်း ၁၂၉၀၁ ဦး ဖြေဆိုခြင်းကြောင့် ရာခိုင်နှုန်းမှာ ၉၃.၃၉% ရာခိုင်နှုန်းရှိသည်။
သို့သော် ပျက်ကွက် အနေဖြင့်မူ ကျား ၄၅၁ ဦး၊ မ ၄၆၂ ဦး စုစုပေါင်း ၉၁၃ ဦး ရှိရာ ရာခိုင်နှုန်းအရဆိုလျှင် ၆.၆၁% ရာခိုင်နှုန်းရှိကြောင်း သိရသည်။