မတ် ၁၁။ ။ နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ပထမဆုံး လူသေဆုံးမှု ဖြစ်ပေါ်ခဲ့ပြီဟု အင်ဒိုနီးရှား အာဏာပိုင်များက မတ်လ ၁၁ ရက်တွင် အတည်ပြုသည်။
သေဆုံးသူသည် အသက် ၅၃ နှစ်အရွယ် နိုင်ငံခြားသူ အမျိုးသမီးတစ်ဦးဖြစ်သည်ဟုလည်း သိရသည်။ သူမထံတွင် သွေးတိုး၊ ဆီးချို စသည့် ရောဂါများလည်း ရှိနေခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
အဆိုပါ အရှေ့တောင်အာရှနိုင်ငံတွင် မတ်လ ၁၁ ရက်မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၇ ဦး ရှိနေကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ပထမဆုံးအကြိမ် လူသေဆုံးမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
“ ဒီလူနာမှာ သွေးဖိအားမြင့်တာ၊ သိုင်းရွိုက်ဟော်မုန်းများတဲ့ ရောဂါနဲ့ နာတာရှည် ဆို့ပိတ်မှု ရှိတဲ့ အဆုတ်ရောဂါ တို့လည်း ရှိနေခဲ့တယ်လို့ သိရပါတယ်၊ သူက အသက် ၅၃ နှစ်အရွယ် နိုင်ငံခြားသူတစ်ယောက်ပါ၊ သက်ဆိုင်ရာ သံရုံးကိုလည်း အကြောင်းကြားပြီးပါပြီ” ဟု ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ အင်ဒိုအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ အာမက်ဒ် ယူရီရန်နိုက ပြောသွားခဲ့သည်။
သို့သော် သေဆုံးသွားသည့် အမျိုးသမီး မည်သည့် နိုင်ငံသူ ဖြစ်သလဲ ဆိုသည်ကို ထုတ်ဖော်ပြောကြားရန် ၎င်းက ငြင်းဆန်သွားခဲ့သည်။
နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ် မြင့်တက်လာချိန် အင်ဒိုအာဏာပိုင်များအနေဖြင့် ဗိုင်းရပ်စ် စစ်ဆေး စမ်းသပ်မှုများကို အရှိန်မြင့်လုပ်ဆောင်နိုင်ရန် အားထုတ်လျက်ရှိသည်။