အသက် (၇၀)ကျော် ဘောလုံးပရိသတ်တွေကို ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့ကူးစက်ခံရခြင်း မရှိစေဖို့အတွက် အားကစားကွင်းတွေထဲ ဝင်ရောက် ပွဲကြည့်ခွင့် တားမြစ်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။
အကြောင်းကတော့ အသက်အရွယ်ကြီးတဲ့သူတွေမှာ ခံနိုင်ရည်အား နည်းပါးနေတာကြာင့် ကူးစက်ခံရနိုင်တဲ့ ရာခိုင်နှုန်းက ပိုများနေခဲ့လို့ အခုလို အသက် (၇၀) ကျော်အရွယ်တွေကို ကွင်းအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ဖို့ ပရီးမီးယားလိဂ်က စီစဉ်နေတာပါ။
ပရီးမီးယားလိဂ်နဲ့ အားကစားရိုက်ကူးထုတ်လုပ်သူတွေအနေနဲ့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ဖို့ အရေးပေါ် အစည်းအဝေးခေါ်ယူဖို့ အစီအစဉ်ရှိနေပါတယ်။
Sky အရ ဗိုင်းရပ်စ်ကူးစက် ပြန့်နှံ့မှုတွေ ဆက်ရှိနေဦးမယ်ဆိုရင် အရေးပေါ်အစီအစဉ်ကြမ်းတွေ ရေးဆွဲဖို့ ဒီအစည်းအဝေးကို တနင်္လာနေ့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဗြိတိန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ (၁၁၆)ဦးလောက်ရှိပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် လူ (၁၀၀,၀၀၀)ကျော် ရှိနေပြီဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ကွင်းပိတ်ကစားရတာတွေ၊ ပွဲစဉ်ရွှေ့ဆိုင်းရတာတွေအထိ စီးရီးအေ ပွဲစဉ်တွေနဲ့ ဥရောပတစ်ဝှမ်းက အားကစားပြိုင်ပွဲတွေပေါ် ကြီးမားတဲ့ သက်ရောက်မှု ဆက်ရှိနေခဲ့ပါတယ်။
- ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဟောင်ကောင်၊ စင်္ကာပူ Rugby Sevens ပြိုင်ပွဲများကို ရွှေ့ဆိုင်း
- ကိုရိုနာဗိုင်းရပ်စ်ကြောင့် အင်တာမီလန်နဲ့ ဆမ်ဒိုးရီးယားတို့ပွဲစဉ်အပါအဝင် စီးရီးအေပွဲစဉ်အချို့ကို ရွှေ့ဆိုင်း
- ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်တွေကြောင့် ၂၀၂၀ စူပါလိဂ်ဘောလုံးရာသီကို တရုတ် ရွှေ့ဆိုင်းလိုက်ရ
အိုင်ယာလန်နဲ့ အင်္ဂလန်တို့ ယှဉ်ပြိုင်ကစားကြမယ့် အီတလီရဲ့ Six Nations ရပ်ဘီပွဲစဉ်ကို ဒီနှစ်နှောင်းပိုင်းမှာ ကစားရမှာဖြစ်သလို ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ တရုတ်ဂရင်းပရီ (Chinese Grand Prix)နဲ့ ယူအေအီး စက်ဘီးစီးပြိုင်ပွဲတွေကိုလည်း ကျင်းပမယ့် ရက်ရွှေ့ဆိုင်းထားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကလည်း ပွဲမစခင် ကစားသမားအချင်းချင်း လက်ဆွဲနှုတ်ဆက်ခွင့် မပြုကြောင်း သောကြာနေ့က ကြေညာခဲ့ပါတယ်။
ပရီးမီးယားလိဂ် အကြီးအကဲတွေအနေနဲ့ကလည်း ဘောလုံးရာသီကုန်အထိ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြိုင်ပွဲကို ကွင်းပိတ်ကျင်းပဖို့ လိုအပ်လာရင် ပရိသတ်မပါဘဲ ကျင်းပသွားမယ်လို့ အသင်း (၂၀)ထံ စာရေးသားပေးပို့ခဲ့တယ်လို့ SunSport က အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် ဒီအရေးပေါ်အစီအစဉ်အသစ်ဖြစ်တဲ့ အသက် (၇၀)ကျော်အရွယ်တွေကို ကွင်းအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့မယ်ဆိုရင် ဖာဂူဆန်နဲ့ အသက် (၇၂)နှစ်ရှိ ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ရွိုင်းဟော့ဆန်တို့လည်း ပိတ်ပင်ခံနိုင်တဲ့ အခြေအနေမှာရှိနေပါတယ်။
အသက် (၇၈)နှစ်ရှိပြီဖြစ်တဲ့ ဖာဂီဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ပွဲစဉ်တိုင်းကို ပုံမှန်လိုက်ပါကြည့်ရှုနေသူဖြစ်ပါတယ်။
Ref; The Sun