ဖေဖော်ဝါရီ ၂၁ ။ ။ အိန္ဒိယနိုင်ငံ ပူနေးမြို့မှာ စွန့်ဦးတီထွင်သူနှစ်ဦးက ဘတ်စ်ကားအဟောင်းတွေကို အမျိုးသမီးသုံး ရွေ့လျားသန့်စင်ခန်းအဖြစ်ပြောင်းလဲပြီး ဝန်ဆောင်မှုတွေပေးလျက်ရှိပါတယ်။
ရွေ့လျားသန့်စင်ခန်းကို အသုံးပြုခအဖြစ် ငါးရူပီး ပေးရပြီး ကလေးဒိုက်ပါ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို ရောင်းပေးတဲ့အပြင် ကလေးတွေကို နို့တိုက်ဖို့လည်း အဲဒီနေရာကို အသုံးပြုနိုင်ပါတယ်။ ဘတ်စ်ကားပေါ်မှာ တပ်ထားတဲ့ ဆိုလာပြားတွေကနေ လျှပ်စစ်စွမ်းအင်ရရှိပြီး ကားကိုလည်း လှလှပပပြုပြင်မွမ်းမံထားပါတယ်။
စွန့်ဦးတီထွင်သူနှစ်ဦးဖြစ်တဲ့ Ulka Sadalkar နဲ့ Rajeev Kher တို့ဟာ Ti Toilet လို့ခေါ်တဲ့စီမံကိန်းကို ၂၀၁၆ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ Ti ဆိုတာ ဒေသန္တရ မာရသီ ဘာသာစကားနဲ့ သူမ လို့အဓိပ္ပါယ်ရပါတယ်။
သူတို့နှစ်ဦးဟာ ရွေ့လျားသန့်စင်ခန်း ၁၂ ခုကို အကောင်အထည်ဖော်ခဲ့ပြီးဖြစ်သလို နေ့စဉ် အမျိုးသမီးအရေအတွက် ပျမ်းမျှ ၂၀၀ ခန့်အသုံးပြုကြတယ်လို့သိရပါတယ်။
မြို့တော်သန့်ရှင်းလှပရေးအတွက် စီမံကိန်းများစွာထဲက တစ်စိတ်တစ်ပိုင်းအနေနဲ့ အခုလို ရွေ့လျားသန့်စင်ခန်းလုပ်ငန်းကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး အမျိုးသမီးတွေအနေနဲ့ သန့်ရှင်းလုံခြုံတဲ့ သန့်စင်ခန်းတွေ သုံးဖို့လိုအပ်တယ်လို့ Sadalkar ကပြောပါတယ်။
အဆိုပါ စွန့်ဦးတီထွင်သူနှစ်ဦးဟာ လာမယ့် ငါးနှစ်အတွင်း အိန္ဒိယနိုင်ငံတစ်ဝှမ်း ရွေ့လျား သန့်စင်ခန်းပေါင်း ၁၀၀၀ လောက် အကောင်အထည်ဖော်သွားချင်တယ်လို ဆိုပါတယ်။