ဖေဖော်ဝါရီ ၁၉ ။ ။ တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့တွင် ရုပ်ရှင်ဒါရိုက်တာတစ်ဦးနှင့် ၎င်း၏ မိသားစုဝင်များအားလုံး ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အသက် ၅၅ နှစ်ရှိ တရုတ်ရုပ်ရှင်ဒါရိုက်တာ Chang Kai နှင့်အတူ ၎င်း၏ မိခင်၊ ဖခင်၊ အမ ဖြစ်သူတို့ အားလုံး အဆိုပါ ဗိုင်းရပ်စ် ကူးစက်ခံရပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်သည် ကိုရိုနာဗိုင်းရပ်စ် အဓိက ဖြစ်ပွားနေသည့် ဝူဟန်မြို့တွင် ဗိုင်းရပ်စ်ကြောင့် လူသိများသော ပုဂ္ဂိုလ်များ နောက်ထပ် သေဆုံးသည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။
Chang Kai သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်က ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ မိဘနှစ်ပါးသည် ယင်းမတိုင်မီ နှစ်ပတ်ခန့်အကြာက ကွယ်လွန်ခဲ့ပြီးဖြစ်သည်။ Cheng တို့ မိသားစုသည် ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ရက်များစွာကြာ သီးခြားခွဲကာ ရောဂါခြေချုပ်ဖြင့် နေထိုင်ခဲ့ပြီးမှ ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း တရုတ်မဂ္ဂဇင်း Caixin က ဖော်ပြသည်။
Cheng ကွယ်လွန်ပြီးနောက် နာရီပိုင်းအကြာတွင် အမ ဖြစ်သူလည်း ဗိုင်းရပ်စ်ကြောင့်ပင် ကွယ်လွန်သွားခဲ့သည်။ ယခုအခါ Cheng ၏ ဇနီးသည်လည်း ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး အခြေအနေစိုးရိမ်ရသည်ဟု သိရသည်။
၀ူဟန်နှင့် အနီးအနား ဒေသများတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းသည် ကျန်ပြည်နယ်ဒေသများထက် ပိုမိုမြင့်မားနေလျက် ရှိသည်။ အစိုးရဘက်က ဆေးရုံသစ်များ ဆောက်လုပ်ပေးထားသည် ဆိုပေသော်ငြား လူနာအများအပြားသည် ဆေးရုံများတွင် ခုတင်ရရှိနိုင်ရန်ပင် အခက်အခဲတွေ့နေခဲ့သည်ဟု သတင်းများထွက်ပေါ်ထားခဲ့သည်။